မြိုင်မြို့နယ်မြောက်ပိုင်းနဲ့ ပုလဲမြို့နယ်တောင်ပိုင်း ကြားက ရွာတွေ မီးရှို့ခံရ

ဇူလိုင် ၊ ၈ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် တောင်ပိုင်းက မင်းရွာဟာ မနေ့ ဇူလိုင် ၇ ရက် မနက်ပိုင်းက မီးရှို့ခံရတဲ့အတွက် လူနေအိမ် ၁ ရာကျော် မီးလောင်ဆုံးရှုံးပြီး အဲ့ဒီရွာက ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ ပုလဲမြို့နယ် ၊ မွှေ့တုံရွာခံတွေဆီက သိရပါတယ်။

” မနက် အစောပိုင်းထဲက ထွက်ပြေးတိမ်းရှောင်နေရတာပါ ၊ မနက် ၉ နာရီဝန်းကျင်မှာတော့ ရွာကို မီးရှို့ခံရတယ် ၊ အိမ်ခြေ ၁ ရာကျော်မယ် ” လို့ မင်းရွာဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် မြောက်ပိုင်း ၊ ပုလဲမြို့နယ်ဘက် အစပ်မှာရှိတဲ့ ကျောက်ခွက်ရွာမှာလည်း မနေ့က မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှာ မီးရှို့ခံရတာတွေ ဖြစ်ပွားပြီး ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” ဒီမနက်ထိ ရွာကိုမပြန်နိုင်သေးဘူး ၊ အိမ်ခြေဘယ်လောက် မီးလောင်တယ်ဆိုတာ မပြောနိုင်သေးဘူး ၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူပေါင်းက မိသားစု ၂ ရာဝန်းကျင်ရှိမယ် ” လို့ မြိုင်မြို့နယ် ၊ ကျောက်ခွက်ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဒေသတွေဘက်ကို ဒီလ ၅ ရက်ကစလို့ ဒေသခံရွာသားတွေဟာ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းအထိတော့ တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲတဲ့ မေလ ၁၅ ရက် ဝန်းကျင်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်ဘက် ကျေးရွာတချို့ ထွက်ပြေးတိမ်းရှောင်ရင်း နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီရွာတွေကတော့ ဖျသီး၊ သံဘို၊ လက်ယက္မ၊ တောင်ကိုင်း၊ တောင်ဘို့၊ ကျောက်ဆောက္မ၊ ကျောက်တော၊ ရွာရှည် စတဲ့ ရွာတွေဖြစ်ပြီး လူနေအိမ် ၂ ထောင်နီးပါး မီးဘေးသင့်ခဲ့ရတာလို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ဘက်က ဇီးဖြူကုန်း ၊ အင်မထီ ၊ လှော်ကားကြီးရွာတွေ အပါအဝင် ကျေးရွာ ၈ ရွာထက်မနည်း မီးရှို့ခံရတာလည်း ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ မီးရှို့ခံရတဲ့ ဖြစ်စဥ်တွေမှာ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုတော့ VOM အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

#VOM #voiceofmyanmar #မြိုင် #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW