ရန်ကုန်မှာ ကုမ္ပဏီဝန်ထမ်းတဦး ပစ္စည်းလုခံရပြီး အလောင်းကို လမ်းဘေးစွန့်ပစ်ခံရ

ဇူလိုင် ၈-၂၀၂၂
VOM (GG)

ရန်ကုန်က Mercury Online Shopping Mall က ဖြည့်ဆည်းရေးစင်တာတာဝန်ခံ ကိုအာကာမိုးကိုကို ဆိုသူ ကားနဲ့အိမ်ပြန်ချိန် ရိုက်နှက် ပစ္စည်းတွေလုယူကာ လူကိုသတ်ပြီး အလောင်းကို လှိုင်သာယာမြို့ လမ်းဘေးမှာ စွန့်ပစ်ခံခဲ့ရတယ်လို့သိရပါတယ်။

” ရုံးကား မောင်းပြီး အိမ်ပြန်ချိန် မသမာသူလူတွေက ကားတံခါးဖွင့်တက်လာပြီး ပစ္စည်းလုတယ်၊ အသာတကြည်မပေးလို့ ထိုးကြိတ်ရိုက်နှက်ပြီး လူကိုပါ အသေသတ်သွားခံရပြီး ကားရောလူပါ လှိုင်သာယာလမ်းဘေးတနေရာမှာပစ်ထားခဲ့ပါတယ်။ ကားပေါ်မှာ အဝတ်စုတ်၊ ကွမ်းတံတွေးတွေကျန်ခဲ့တာ တွေ့ရပါတယ်။ ကာယကံရှင်က ကွမ်းမစား၊ ဆေးလိပ်မသောက်တတ်ပါ”လို့ Mercury ဘက်ကပြောပါတယ်။

ဇူလိုင် ၆ ရက် ညနေ အိမ်အပြန်မှာ ရိုက်နှက်အသတ်ခံလိုက်ရတာဖြစ်ပြီး အိုင်ဖုန်း 13 တလုံးနဲ့ ရုံးမှ ASUS M4 13 DA လက်တော့ပ်၊ ငွေလေးသိန်း လုယူခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

” အခုလောလောဆယ် ကျနော်တို့ သူငယ်ချင်းကောင်းရာမွန်ရာရောက်အောင်ပဲ လုပ်နေတယ်။ဖြစ်ခဲ့တဲ့ကိစ္စတွေက ကျနော်တို့ မြင်ရတာလည်းမဟုတ်တော့ သေချာမပြောနိုင်ဘူး။ အခုကိစ္စတွေပြီးရင် အသေးစိတ်သိရရင် ကျနော် ပြန်ဆက်သွယ်ပေးပါ့မယ် “လို့ ကိုအာကာမိုးကိုကိုရဲ့ မိတ်ဆွေတဦးကပြောပါတယ်။

ကိုအာကာမိုးကိုကိုဟာ တာမွေမြို့နယ်ကဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်လူငယ်ဖြစ်ကြောင်း၊ ရုပ်အလောင်းကိုတော့ ဇူလိုင်လ ၉ ရက်နေ့ ရေဝေးသုဿာန်မှာ ဂူသွင်းသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

ရန်ကုန်မှာ နေအိမ်အတွင်း ဝင်ရောက်လုယက်တာ ၊ လူသတ်ပြီးပစ္စည်းဓားပြတိုက်တာ၊ ဆိုင်ကယ်နဲ့ကားမောင်းသူတွေကို ရိုက်နှက်ပြီး ပစ္စည်းလုတာ စတဲ့ လုယက်မှုတွေ ဖြစ်ပွားနေပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ကုမ္ပဏီ၀န်ထမ်း #လူသတ်အလုခံရ

Related posts

Leave a Comment

VOM News

FREE
VIEW