လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းနေအိမ် ချိပ်ပိတ်ခံရ

ဇူလိုင် ၈-၂၀၂၂
GG+SP (VOM)

မြစ်ကြီးနားမြို့ က လီဆူတိုင်းရင်သားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်နဲ့ တရားလွတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းတို့ရဲ့နေအိမ်တွေကို ဒီကနေ့ ဇူလိူင် ၈ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ချိပ်ပိတ်လိုက်တယ်လို့သိရပါတယ်။

ဦးအားတီယောဟန် နေအိမ် ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၊ ၅၂(က) နဲ့ ချိတ်ပိတ်သိမ်းဆည်းလိုက်ခြင်းဖြစ်ပြီး၊တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်း ရဲ့ နေအိမ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၊ ၅၄ အရ ချိပ်ပိတ်သိမ်းဆည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

” အခုမနက်ပဲ စာလာချိတ်သွားတာ။ အရင်လတုန်းကတည်းက အိမ်ချိပ်ပိတ်ဖို့တွေ လာပြောတာရှိတယ်။ ရှေ့နေလင်မယားကတော့ အိမ်မှာမရှိပါဘူး ။ လီဆူဝန်ကြီးအိမ်လည်း အပိတ်ခံရတယ်ကြားတယ်။ ” လို့ ဒေသခံတဦးကပြောပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ မြစ်ကြီးနားမြို့နယ်ရဲစခန်းကနေ (ပ)၈၀/၂၀၂၂ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အမှုအရ ယာယီပိတ်သိမ်းထားတယ်ဆိုပြီးတော့ စာတန်းချိတ်ဆွဲပြီး ချိပ်ပိတ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ နေအိမ် ၂ လုံး ချိပ်ပိတ်သိမ်းဆည်းခံရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရုံးနဲ့ နီးစပ်သူတဦးက” ဒီမနက်မှာ သိမ်းဆည်းတာ အဆောက်အဦး ၂ လုံးရှိတယ် ၊ သိမ်းရတဲ့အ​ကြောင်းက အကြမ်းဖက်မှုဆိုင်ရာတိုက်ဖျက်ရေး ဥပဒေအရဖြစ်တယ် ၊ ဦးအာတီယောဟန်ရဲ့အိမ်ကို အကြမ်းဖက် ပုဒ်မ ၅၂ (က) နဲ့ဖြစ်ပြီး ဦးတင်ထွန်းသိန်း အိမ်ကတော့ အကြမ်းဖက် ပုဒ်မ ၊ ၅၄ အရ ယာယီ ချိပ်ပိတ်ထားတာ ” လို့ ပြောပါတယ်။

ဦးတင်ထွန်းသိန်းကတော့ NLD ပါတီဝင်တဦးဖြစ်သလို မြစ်ကြီးနားခရိုင် အလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးလည်းဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကလည်း မြစ်ကြီးနားက NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်ရဲ့ နေအိမ်ကို ချိတ်ပိတ်ခဲ့သလို ဖားကန့်မြို့က NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း နေအိမ်ကိုလည်းအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ နဲ့ ချိပ်ပိတ် သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ထဲက ဗန်းမော်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇော်သင်းရဲ့နေအိမ် ၊ ကချင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးခန်လင်ရဲ့နေအိမ် ၊ မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်သက်ထားနှောင်းရဲ့နေအိမ် ၊မိုယ်းကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းနိုင်ရဲ့နေအိမ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက ဦးဇော်မင်းဦးရဲ့ နေအိမ်တွေလည်း ချိပ်ပိတ်သိမ်းဆည်းခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မြစ်ကြီးနား #လီဆူတိုင်းရင်းသားရေးရာ၀န်ကြီး #တရားလွှတ်တော်ရှေ့နေ #နေအိမ်တွေချိပ်ပိတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW