အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ်ချခံရတဲ့ ကျောက်ဆိပ်ရွာသား (၅) ဦးကိစ္စ တရားမျှတမှုမရှိလို့ မိသားစုပြော

ဇူလိုင် ၈- ၂၀၂၂
SW (VOM)

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျောက်ဆိပ်ကျေးရွာသား ကိုညီညီအောင်အပါအဝင် (၅) ဦးကို စစ်တွေခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ ဇူလိုင် ၆ရက်က ထောင် (၃) နှစ်စီကျခံစေဖို့ အမိန့်ချလိုက်​တယ်လို့ မိသားစုနဲ့အမှုလိုက်ရှေ့နေတွေကနေ ​သိရပါတယ်။

ကျောက်ဆိပ်ကျေးရွာသား ကိုညီညီအောင်၊ မျိုးလှိုင်ဦး (ခ) မျိုးလင်းဦးပါ (၅) ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကနေ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ လူငယ်တွေဖြစ်ပြီး သူတို့အမှုဟာ ၂ နှစ်နဲ့ ၂ လကျော်ကြာမြင့်ခဲ့ပြီးမှ အခုလိုထောင်ဒဏ်ချမှတ်တဲ့အတွက် ပြောရတာလို့ ကိုညီညီအောင်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

“ကျွန်မတို့သားတွေမှာ ဘာအပြစ်မှမရှိဘဲ ထောင်ဒဏ်ချတယ်ဆိုတော့ မတရားဘူးလို့ ပြောချင်တယ်။ ကျွန်မသားလေးက အောင်သစ္စာစက်ရုံမှာလုပ်နေတာ။ အဲဒါကို သူတို့လည်းသိတယ်။ အခုဆိုရင် အပြစ်မရှိဘဲ ထောင်သုံးနှစ်ချလိုက်တယ်။ မိဘတွေဒီလောက် စားဝတ်နေရေးကျပ်တည်းနေတာကို သိလျက်နဲ့ အခုလိုထောင်ချလိုက်တာ အလွန်တရာ မတရားတဲ့လုပ်ရပ်လို့ မြင်တယ်” လို့ ကိုညီညီအောင်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

သူတို့ကို ထောင်ဒဏ်သုံးနှစ်ကျခံစေဖို့ တရားရုံးက အမိန့်ချလိုက်တာဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က) အမှုအတွက်ဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ထဲက ချုပ်ရက် ၂ နှစ်နဲ့ ၂ လခွဲကို ထုတ်နုတ်ခံစားခွင့်ပေး​တယ်လို့လည်း ရှေ့နေက ပြောပါတယ်။

အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က “သူတို့ကို ဖမ်းခံရတာကတော့ ၁၉ ရက်၊ ၄ လ၊ ၂၀၂၀ က ဖြစ်တာ။ ဆိုတော့ အချိန် ၂ နှစ်တောင်ကြန့်ကြာသွားတယ်” လို့ ပြောပါတယ်။

အဲဒီ ကျောက်ဆိပ်ကျေးရွာသား ကိုညီညီအောင်နဲ့ မျိုးလှိုင်းဦး (ခ) မျိုးလင်းဦးပါ (၅) ဦးဟာ မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာကလည်း တဦးပါဝင်ပြီး သူတို့အားလုံးကို (ပ) ၈/ ၂၀၂၀၊ ၂၀၁၄ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) နဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ် တိုင်တန်းခဲ့တာဖြစ်​တယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းရဲစခန်းကနေတဆင့် တပ်မတော် ဇက်ရေယာဉ်နဲ့ စစ်တွေရဲဌာနမှာ ထိန်းသိန်းပြီး စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေရာကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကပဲ ထောင်ဒဏ်အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

သူတို့ကို ထောင်ဒဏ်အမိန့်ချမှတ်တဲ့အခါတော့ အကြမ်းဖက်မှုပုဒ်မ ၅၀(ည)ကို ချန်လှပ်ခဲ့ကာ ပုဒ်မ ၅၂(က)အမှုအတွက် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တာဖြစ်​တယ်လို့ သိရပါတယ်။

ပုဒ်မ ၅၀(ည)ဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် တသက်တကျွန်းထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်​တယ်လို့လည်း သိရပါတယ်။

သူတို့ (၅) ဦးကို တပ်မတော်ရေယာဉ်တစီးပေါ်မှာ တပ်မတော်သားတွေက ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ပြီးခဲ့တဲ့ ၂၀၂၀၊ မေ ၁ဝ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ စစ်ရေယာဥ်ပေါ်မှာ မျိုးလင်းဦးပါ ၅ ဦးကို ရိုက်နှက်၊ နှိပ်စက်ခဲ့တဲ့ တပ်မတော်သားတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားတာရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW