အမ်းမှာ ပဉ္စမအကြိမ် စစ်ဘေးရှောင် (၇၀၀) ကျော်နေရပ်ပြန်ကြချိန် ရပ်ရွာတွေအနီး မိုင်းရှင်းပေးဖို့ တောင်းဆို

ဇူလိုင် ၉-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဇူလိုင်လ ၇ ရက်နေ့က ပဉ္စမအကြိမ်အဖြစ် စစ်ဘေးရှောင် (၇၀၀)ကျော် နေရပ်ပြန်ကြပြီး နေရပ်ပြန်စစ်ဘေးရှောင် ၄ ထောင်ကျော် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို နေရပ်ပြန်ကြတဲ့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် အကူအညီတွေလိုအပ်နေပြီး အရင်က မှီခိုလုပ်ကိုင်ခဲ့တဲ့ ဥယျာဉ်ခြံမြေတွေကိုလည်း မိုင်းအန္တရာယ်ကြောင့် မသွားလာရဲဖြစ်နေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

“နေရပ်ကိုတော့ လူတိုင်းကသွားချင်တယ်။ ကိုယ့်ရဲ့မွေးရပ်မြေကို သွားချင်တယ်။ ကျနော်တို့ဒေသက လုံလောက်တဲ့ စားနပ်ရိက္ခာ ဆန်စပါးတွေ ထွက်တဲ့နေရာတွေ မဟုတ်ဘူး။ ဆန်၊ စပါးတွေ စားနပ်ရိက္ခာတွေကို ဝယ်ယူရတဲ့ဟာတွေရှိတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ ရှိပါတယ်”လို့ ဒါးလက်အုပ်စုဒေသခံတဦးကပြောပါတယ်။

နေရပ်ပြန်မယ့် စစ်ဘေးရှောင် အိမ်ထောင်စုတွေကို ပြည်နယ်ကောင်စီက အိမ်ထောင်စုတစ်စုအတွက် ငွေကျပ်(၅)သိန်းနဲ့ တခြားအိမ်သုံးပစ္စည်း(၁၀)မျိုးကို ထောက်ပံ့ပေးတယ်လို့ နေရပ်ပြန်သွားတဲ့ ဒါးလက်- ရှမ်းကုန်းကျေးရွာက စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။

အမ်းမြို့နယ်က ကျေးရွာအများစုဟာ တောတောင်တွေကို မှီခိုပြီး တောင်ပေါ်တက် သစ်၊ ဝါး ခုတ်တဲ့အလုပ်ကို လုပ်ကိုင်ကြတယ်ဆိုပေမယ့် အဆင်မပြေကြကြောင်း အဲဒီ နေရပ်စစ်ဘေးရှောင်က ပြောပါတယ်။

“ကျနော်တို့ ရွာဘက်မှာကတော့ သစ်နဲ့ဝါးကို အဓိကမှီခိုပြီးလုပ်ပါတယ်။ သစ်တွေ၊ ဝါးတွေက ထုတ်လို့မရတာ၊ ရောင်းလို့မကောင်းတဲ့အခါလည်းရှိတယ်။ အငှားလိုက်မယ်ဆိုလည်း မရှိဘူး။ ဒါကြောင့် တချို့ဆိုရင် အမ်းမြို့ပေါ်မှာပဲ လုပ်ကိုင်စားသောက်နေကြတာတွေရှိတယ်။ မိုင်းအန္တရာယ်လည်း စိုးရိမ်ရပါတယ်။ ကျနော်တို့ ရွာသားတွေဆိုရင် ရွာပတ်ဝန်းကျင်က တောင်တွေကို မတက်ရဲဘူး” လို့ ရှမ်းကုန်းကျေးရွာက နေရပ်စစ်ဘေးရှောင်တဦးက ပြောပါတယ်။

ဇူလိုင်လ ၇ ရက်နေ့က နေရပ်ပြန်သွားကြတဲ့ စစ်ဘေးရှောင်တွေဟာ အမ်းမြို့ပေါ်အတွင်း ဆွေမျိုးတွေအိမ်မှာ ခိုလုံနေကြသူတွေနဲ့ NLD လက်ထက်က ပြည်နယ်ကောင်စီအစိုးရကနေ တရားဝင်အသိအမှတ်ပြုထားတဲ့ စစ်ဘေးရှောင်စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို နေရပ်ပြန်ကြရာမှာ အမ်းမြို့ပေါ် ၊ဈေးရပ်ကွက်က ဆွေးမျိုးတွေရဲ့အိမ်မှာ ခိုလုံနေတဲ့ အိမ်ထောင်စု (၅၈)စု၊ လူဦးရေ ကျား (၁၄၅)ဦး၊ မ (၁၃၄) ဦး၊ ဈေးတောင်ရပ်ကွက်က ဆွေမျိုးအိမ်တွေမှာခိုလုံနေတဲ့ အိမ်ထောင်စု (၃၈) စုနဲ့ လူဦးရေ ကျား(၈၁)ဦး ၊ မ (၉၁) ဦး၊ အမ်းတောင်အုပ်စု ပျဉ်းတောကျေးရွာ စစ်ဘေးရှောင်စခန်းက အိမ်ထောင် (၁၅) စု လူဦးရေ ကျား (၂၉) ဦး၊ မ (၄၁) ဦးနဲ့ အမ်းမြောက်အုပ်စု၊ ကမ်းဒိတ် ဓမ္မာရုံက အိမ်ထောင်စု (၁၆)စု လူဦးရေ ကျား (၃၀)ဦး၊ မ (၄၇)ဦး၊ လေယာဉ်ကွင်းရပ်ကွက် ဆွေမျိုးတွေနေအိမ်က အိမ်ထောင် (၁၇)စု ကျား (၂၈)ဦး၊ မ (၃၆) ဦးတို့ဖြစ်ပြီး အမ်းမြို့မ မိုးလုံလေလုံ အားကစားခန်းမက စစ်ဘေးရှောင်အိမ်ထောင်စု (၇)စု ကျား(၁၈) ဦးနဲ့ မ (၁၈)ဦး အားလုံးပေါင်း အိမ်ထောင်စု ၁၅၁ စုနဲ့ လူဦးရေ (၇၀၅) ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

နေရပ်ပြန်ကြတဲ့ စစ်ဘေးရှောင်တွေဟာ အမ်းမြို့နယ် ဒါးလက်ချောင်းဘက်က ကျေးရွာတွေဖြစ်တဲ့ ရွာဟောင်း၊ မင်္ဂလာဒုံ၊ နတ်မော်၊ ညောင်ချောင်း စတဲ့ ကျေးရွာတွေအပါအဝင် ရွာပေါင်း (၈) ရွာလောက် စစ်ဘေးကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ထွက်ပြေးလာကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို နေရပ်ပြန်ကြတဲ့ ရွာတွေထဲမှာ နတ်မော်ကျေးရွာနဲ့ မင်္ဂလာဒုံကျေးရွာဘက်တွေမှာ မိုင်းအန္တရာယ်တွေရှိပြီး သတိထားရမယ့် နေရာတွေဖြစ်ကြောင်း အမ်းမြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုသန်းချိုက ပြောပြပါတယ်။

“အခုနေရပ်ပြန်ကြတဲ့ အတွင်း(ရွာတွေ)ကိုတော့ မိုင်းရှင်းလင်းပေးတယ်လို့ ပြောသံမကြားဘူး။ ဒါပေမယ့် နွေရာသီတုန်းကတော့ ကားလမ်းနားတလျှောက်ကို ရှင်းတယ်လို့ပြောတာပဲ။ စစ်ဘေးရှောင်တွေ ရွာပြန်တဲ့အချိန်မှာ ဒီတော၊ ဒီတောင်တွေကတော့ မိုင်းရှင်းလင်းဖို့လိုတယ်လို့ တင်ပြလာတာရှိရင် ရှင်းပေးမယ်ဆိုပြီး တတ်နိုင်သလောက်ရှင်းပေးမယ်ဆိုပြီး ပြောတာရှိတယ်။ ဒေသခံတွေတောင်းဆိုရင်တော့ ရှင်းပေးလို့ရတဲ့အနေအထားတွေ့ရတယ်”လို့ ကိုသန်းချိုက ပြောပါတယ်။

အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စု၊ ဒါးလက်မြောက်ရွာမှာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က သီဟို၌ခြံအတွင်း ခြံပိုင်ရှင်ရဲ့သားဖြစ်သူ သီဟို၌စေ့ကောက်ဖို့သွားချိန် မိုင်းနင်းမိပြီး သေဆုံးမှုဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက ကျေးရွာဒေသခံတွေနဲ့ လူမှုရေးအသိုင်းအဝိုင်းက အဲဒီနေရာတွေကို မိုင်းရှင်းလင်းပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တောင်းဆိုတာတွေရှိခဲ့ပါတယ်။

မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်ပြီး အမ်းမြို့နယ်အတွင်း လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က “ မြေမြုပ်မိုင်းပေါက်ကွဲတဲ့ ဖြစ်စဉ်တွေကိုကြည့်ရင် ပြည်သူတွေပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံမြေတွေမှာ ဖြစ်တာများပါတယ်။ အဲဒီ ဥယျာဉ်တွေက ပြည်သူတွေရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူနဲ့နီးကပ်တဲ့ ကျေးရွာတွေမှာရှိတဲ့ မြေမြုပ်မိုင်းတွေကိုတော့ သက်ဆိုင်ရာတွေကနေပြီးတော့ ရှင်းလင်းပေးဖို့လိုတယ်။ ပြည်သူတွေရဲ့အသက်ဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုဖြစ်တဲ့ မြေမြှုပ်မိုင်းကို ဖယ်ရှားပေးဖို့ လိုအပ်တယ်လို့မြင်တယ်”လို့ ပြောပါတယ်။

အမ်းမြို့နယ်မှာ လက်ရှိအချိန်ထိ နေရပ်ပြန်စစ်ဘေးရှောင်(၄)ထောင်ကျော်ရှိနေပြီး နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၁ ထောင်ကျော်လောက် ကျန်နေသေးတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့ နှစ်ဖက်နားလည်မှုနဲ့ အပစ်ရပ်ကြတဲ့ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်ပိုင်း နောက်မှာ နေရပ်ပြန်စစ်ဘေးရှောင် သောင်းနဲ့ချီရှိခဲ့ပြီး ပြည်နယ်တွင်းက စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ အမ်း၊ မင်းပြားနဲ့ မြေပုံ စတဲ့မြို့နယ်တွေက ဖြစ်ပါတယ်။

ပြည်နယ်တွင်း နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် သောင်းဂဏန်းရှိနေသေးပြီး ဖော်ပြပါမြို့နယ်တွေက စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေးအခက်အခဲများစွာကိုရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေပြောပြချက်အရ သိရပါတယ်။

Photo – TC
#voiceofmyanmar #VOM #ရခိုင် #အမ်း #နေရပ်ပြန်စစ်ရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW