ကန့်ဘလူမြို့နယ် မြောက်ပိုင်းက ယာယီ တိုက်ပွဲရှောင်နေရာမှာ ကလေးအများအစု ရာသီပေါ် တုပ်ကွေးနဲ့ ဖျားနာတာတွေဖြစ်နေ

ဇူလိုင် ၉ ၊ ၂၀၂၂

SP(VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် မြောက်ပိုင်း ၊ ကျွန်းလှမြို့နယ် အစပ်က ယာယီတိုက်ပွဲရှောင်နေရတဲ့ မိသားစုတွေထဲက ရာနဲ့ချီတဲ့ ကလေးတွေဟာ အခုလ ၃ ရက် နောက်ပိုင်းကစလို့ ရာသီပေါ် တုပ်ကွေးရောဂါနဲ့ ဖျားနာတာတွေ ဖြစ်ပေါ် ခံစားနေရတယ်လို့ ယာယီ တိုက်ပွဲရှောင်နေတဲ့ မိသားစုတွေဆီက သိရပါတယ်။

” ရွာ ၁၂ ရွာလောက်က တိမ်းရှောင်လာကြတာ ၊ ပြေးလာကာစတုန်းက လူ ၃ ထောင်ကျော်တယ် ၊ ရွာမှာ အိမ်ရှိတဲ့ လူတွေက ပြန်ကုန်ကြပြီ ၊ အိမ်မီးရှို့ခံရလို့ မပြန်နိုင်တဲ့သူတွေလောက်ပဲကျန့်ခဲ့တာ ၊ အားလုံးပေါင်းရင် လူကြီး ကလေး ၂ ထောင်ကျော်မယ် ၊ အဲ့ဒီထဲက သွေးလွန်တုပ်ကွေးဖြစ်တာက ကလေး ၇၀ ဝန်းကျင်ရှိမယ် ၊ ဖျားနာတာက ၂၀ လောက်နဲ့ လူကြီးပိုင်းက ဝမ်းပျက် ဝမ်းလျောဖြစ်တာ ၅ ယောက်ထက်မနည်းဘူး ၊ ဆေးမှီးတိုနဲ့ပဲကုနေရတာပါ ” လို့ ယာယီ တိုက်ပွဲရှောင် တယောက်က ပြောပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်အကြားက ညောင်ကုန်း ၊ ပလူသာ ၊ မန်ကျည်းကုန်း၊ သရက်တော ၊ တောင်ယာဆိပ် ၊ ဘအင်း ၊ ပေကုန်း ၊ လယ်လှ ၊ ကုက္ကိုလ်ကုန်း စတဲ့ ရွာတွေဟာ ပြီးခဲ့တဲ ဇွန်လ ၁၅ ရက် နောက်ပိုင်းက ရွာနားမှာ ပစ်ခတ်တာတွေဖြစ်ပွားပြီး ရွာမီးရှို့ခံရတဲ့အတွက် ဘေးလွတ်ရာကို အခုထိ တိမ်းရှောင်နေရင်း ရာသီပေါ်ရောဂါတွေ ဖြစ်ပွား ခံစားနေရတာ ဖြစ်တယ်လို့ သိရတာဖြစ်ပါတယ်။

ဒါ့အပြင် ယာယီတိုက်ပွဲရှောင်နေရင်း မြွေကိုက်လို့သေတာ ၊ မီးမဖွားနိုင်လို့ သေရတာတွေလည်း ရှိခဲ့တယ်လို့ အဲ့ဒီ တိုက်ပွဲရှောင်တွေက ပြောပါတယ်။

အဲ့ဒါကြောင့် ကန့်ဘလူမြို့နယ် မြောက်ပိုင်းက ယာယီတိုက်ပွဲရှောင်တွေ အတွက်
စားဝတ်နေရေး ထောက်ကူပြုမယ့် အသုံးအဆောင်တွေနဲ့ ဆေးဝါးလိုအပ်ချက်တွေကို တတ်နိုင်သူတွေက ကူညီပေးဖို့ မျှော်လင့်နေတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #တိုက်ပွဲရှောင် #ရာသီပေါ်တုပ်ကွေး #ကန့်ဘလူ

Related posts

Leave a Comment

VOM News

FREE
VIEW