မုံရွာမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းရဲ့ လက်ဖက်ရည်ဆိုင် ဓားပြတိုက်ခံရ

ဇူလိုင် ၊၉ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရုံးကြီးရပ်ကွက် ၊ရေမိန်လမ်းမှာရှိ ရွှေညောင်ပင် လက်ဖက်ရည်ဆိုင်ဟာ မနေ့ ဇူလိုင် ၈ ရက် မနက်ပိုင်းက ဓားပြတိုက်ခံရတယ်လို့ ရုံးကြီးရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။

” အဲ့ဒီ ရွှေညောင်ပင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်ဖြစ်သူက အရင် ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက ရုံးကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့သူဖြစ်တယ် ၊ သူ့ဆိုင်က မြို့လယ်ခေါင်မှာ ရှိတာ ၊ ရဲစခန်းနဲ့လည်း သိပ်မဝေးဘူး ၊ အဲ့ဒီဆိုင် ဓားပြတိုက်ခံရတာ”လို့ ရုံးကြီးရပ်ကွက်နေသူတယောက်က ပြောပါတယ်။

အဲ့ဒီ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းဆိုင် ဓားပြတိုက်ခံရတာနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်က ” မနေ့မနက်က ဖြစ်တာပါ ဆိုင်ကယ် ၃ စီး လူ ၅ ယောက်က ဦးသက်ဝေရဲ့ ဆိုင်ကို ဓားပြဝင်တိုက်တာပါ ၊ သိန်း ၂၀ ကျော်တန် စိန်လက်စွပ် ၁ ကွင်း ၊ ပိုက်ဆံ သိန်း ၄ ရာကျော်နဲ့ ဖုန်း အလုံး ၂၀ ကျော် ပါသွားတာ ၊ အမှုဖွင့် အရေးယူထားတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းကလည်း မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် အမှတ် ၃ လမ်းက နေအိမ်တခုမှာ အနုကြမ်းဝင်စီးခံရပြီး သိန်း ၂ ထောင်နီးပါး ပါသွားတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မုံရွာမြို့၊ဘုန်းစိုးရပ်ကွက် ၊ ဘုန်းစိုးကျောင်းနားက နေအိမ်တခုမှာလည်း လူငယ် ၅ ယောက်က ဓားပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်းအတုတွေ ၁၃ ကျပ်သား ပါသွားတာ ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီနောက် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်က ကုန်စုံဆိုင် တဆိုင်လည်း ဓားပြတိုက်ခံခဲ့ရပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW