ထားဝယ်က ပစ်ခတ်မှုအတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ် ကျည်ထိမှန်သေဆုံး

ဇူလိုင် ၁၀-၂၀၂၂
VOM (GG)

မနေ့ ဇူလိူင်လ ၉ ရက်နေ့ညပိုင်းက ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတခုမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဥ်အတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သတင်းပေးလို့ နာမည်ထွက်နေတဲ့ ဝေဒီကျေးရွာရှိ ဦးကျော်ဟိန်းဆိုသူကို သေနတ်နဲ့ဝင်ရောက်ပစ်ခတ်စဥ် သူရဲ့ဇနီးဖြစ်သူနဲ့ အသက် ၇ နှစ်အရွယ် တူမဖြစ်သူကို သေနတ်ထိမှန်ကာ ကလေးငယ်ကသေဆုံးခဲ့တာဖြစ်တယ်လို့် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

” ညက ၁၁ခွဲလောက်မှာ အိမ်ကိုဝင်ပစ်တော့ ဦးကျော်ဟိန်းက လွတ်သွားတယ်။သူ့မိန်းမ ဒေါ်ဖြူသန်းနဲ့ တူမဖြစ်သူ ငုဝါနိုးကိုမှန်တယ်။ကလေးကသေသွားတယ်။ကလေးမိသားစုက ခဏအိမ်လည်လာနေကြတာလို့သိရတယ် “လို့ ဒေသခံတဦးကပြောပါတယ်။

မငုဝါနိုးဟာ သေနတ်ဒဏ်ရာရရှိပြီးနောက် ဆေးရုံပို့ပြီး ကုသမှုခံယူနိုင်ခဲ့ခြင်းမရှိတာကြောင့် အသက်သေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလို ကလေးငယ် သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကတော့ ကလေးငယ် သေဆုံးဖြစ်စဥ်နဲ့ ပက်သက်ပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ သတင်းထုတ်ပြန်သွားမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တွေ အနေနဲ့ သေဆုံးဖြစ်စဥ်အတွက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ် ။

Photo-DMSC
#voiceofmyanmar #VOM #လောင်းလုံ #ပစ်ခတ်မှု #၇နှစ်အရွယ်ကလေးငယ် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW