အကြမ်းဖက်မှုဥပဒေနဲ့ အချုပ်ကျနေတဲ့ အမျိုးသမီး ၁ ဦးကို တာဝန်ကျ ရဲက ခိုးပြေး

ဇူလိုင် ၊ ၁၁-၂၀၂၂
SP(VOM)

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့ ၊မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အချုပ်ကျနေတဲ့ အမျိုးသမီးတယောက်ကို မနေ့ ဇူလိုင် ၁၀ရက်က တာဝန်ကျ ရဲတယောက်ကနေ ခိုးယူထွက်ပြေးသွားတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

” အ​ကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၅၀(ည)နဲ့ အချုပ်ကျနေတဲ့ ကောင်မလေးက ကိုမောင်တူးရဲ့သမီး မအိသန္တာအောင်ဆိုသူဖြစ်တယ် ၊ မနေ့က အပြင်ထုတ်တဲ့အချိန်မှာ တာဝန်ကျ ရဲတ​​​ပ်သား စိုးပိုင်က ခိုးယူထွက်ပြေးသွားတယ် ၊ ကောင်မလေးက သော့တန်းလန်းကြီးနဲ့ ပါသွားတာ ၊ ခေါ်ဆောင်ပြေးတဲ့ ရဲက မလှိုင်သားပါ ၊ လက်နက်မဲ့နဲ့ပြေးတာပါ ၊ အစောကတည်းက သူတို့ အကြံအစည်ရှိဟန်တူတယ်”လို့ မန္တလေး ရဲအသိုင်းအဝိုင်းက ပြောပါတယ်။

မိထ္တီလာခရိုင်မှာ အခြေချနေထိုင်တဲ့ ရဲအရာရှိ အငြိမ်းစားတဦးက ” အမျိုးသမီး အချုပ်တရားခံကို ကြီးကြပ်စောင့်ထိန်းဖို့အတွက် တာဝန်ချ (၄ က)မှာ အမျိုးသမီး ရဲမေတွေပဲဖြစ်ရမှာပါ ၊ ရဲတပ်သားက အချုပ်တရားခံ အမျိုးသမီးနဲ့ ပတ်သက်နေတယ် ဆိုကတည်းက အုပ်ချုပ်မှု လျော့နည်းဖြစ်စဥ်က စတဲ့ ပြဿနာလို့ မြင်မိတယ် ၊ နောက်ပြီး ကင်းမှူး ၊အုပ်ချုပ် ၊တာဝန်မှူးနဲ့ စခန်းမှူးတို့က ထွက်ပြေးသွား၂ ယောက်ရဲ့ဆက်ဆံရေးကို ကြိုတင်အကဲခတ် သိရှိထားဖို့လိုတယ် ၊ ကြိုတင် သိထားရင် ဒီလိုမျိုးပြဿနာ ပေါ်ပေါက်စရာအကြောင်းမရှိဘူး “လို့ ပြောပါတယ်။

အခုလို အချုပ်ကျနေတဲ့ အမျိုးသမီးတယောက်ကို တာဝန်ကျ ရဲဝန်ထမ်းတယောက်က ခေါ်ဆောင်ထွက်ပြေးသွားတဲ့ဖြစ်စဥ်ဟာ ရဲလောကမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတချို့က ဝေဖန်ပြောဆိုတာတွေ ရှိပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းရဲတပ်ဖွဲ့ကတော့ ထွက်ပြေးသွားတဲ့ အချုပ်တရားခံတယောက်နဲ့ ရဲတပ်သား ၁ ယောက်ကို အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

အဲ့ဒီ အချုပ်ကျနေတဲ့ အမျိုးသမီးတယောက်ကို တာဝန်ကျ ရဲတပ်သား တယောက်က အပြင်ထုတ်တဲ့အချိန် ခေါ်ဆောင် ထွက်ပြေးသွားတယ်ဆိုတဲ့ ကိစ္စကို မေးမြန်းဖို့ မလှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို VOM ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

#voiceofmyanmar #VOM #မလှိုင် #အချုပ်ကျအမျိုးသမီး #ရဲကခိုးပြေး

Related posts

Leave a Comment

VOM News

FREE
VIEW