စစ်ကိုင်းတိုင်းအတွင်းမှာ ဝါဆိုလပြည့် ၁ ရက်တည်း လူသတ်မှု ၃ ကြိမ်ဖြစ်ပွားပြီး လူ ၄ ဦး သေဆုံး

ဇူလိုင် ၊ ၁၃ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ၊ မင်းကင်းမြို့နဲ့ ထီးချိုင့်မြို့နယ်တွေမှာ မနေ့ဇူလိုင် ၁၂ ဝါဆိုလပြည့်နေ့ ၁ ရက်တည်း လူသတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄ ယောက်အထိရှိတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

“လပြည့်နေ့က အသတ်ခံရတဲ့ သူ ၄ ယောက်ရှိတယ် ၊ စစ်ကိုင်းမှာ ၁ ယောက် ၊ မင်းကင်းမှာ ၁ ယောက်နဲ့ ထီးချိုင့်မှာ၂ လောင်ပြိုင်တွေဖြစ်တာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

မနေ့ ဇူလိုင်၁၂ရက် နေ့လယ် ၂ နာရီဝန်းကျင်က စစ်ကိုင်း ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားဖူးပြီးပြန်လာတဲ့ စစ်ကိုင်း NTTသစ်ပါးလွှားစက်ရုံက စက်ရုံလုပ်သား ၃ ယောက်ဟာ ရွှေမင်းဝံ စကျင်ကားလမ်းမှာ သေနတ်နဲ့ ပစ်ခံရလို့ စက်ရုံလုပ်သားတယောက် ကျည်ဆံထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် မနေ့က မနက်ပိုင်း ၅ နာရီဝန်းကျင်က ထီးချိုင့်မြို့နယ် ၊ ကွမ်းဘောင်ကျေးရွာအုပ်စု ၊ လှယ်မှီးကျေးရွာက ဦးသန်းစိန်နဲ့ ဦးကျော်စိန်တို့ ၂ ယောက်ဟာ ဘုန်းကြီးကျောင်းကနေ ဆွမ်းပို့ပြန်လာပြီး နေအိမ်ပြန်ရောက်တဲ့အခါ နောက်က လူတစုကလိုက်လာကာ ဦးသန်းစိန်နဲ့ ဦးကျော်စိန်တို့ ၂ ယောက်ကို သတ်ဖြတ်သွားတာဖြစ်ပါတယ်။

” ဦးသန်းစိန်နဲ့ ဦးကျော်စိန် အသတ်ခံရတာက လှယ်မှီးမှာ စာသင်ပေးနေတဲ့ ကျောင်းဆရာမ ၂ ယောက် ဖမ်းခံရတာနဲ့ ပတ်သက်နိုင်တယ် “လို့ လှယ်မှီးရွာခံ တချို့က သူတို့ရဲ့ထင်ကြေးပေး ပြောဆိုတာဖြစ်ပါတယ်။

ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ မောက္ကတော်ရွာက ဒေါ်မျိုးမျိုးစန်းဆိုသူလည်း မောက္ကတော်ရွာကနေ မင်းကင်းမြို့အသွား အံ့စရာရွာနားမှာ ပစ္စည်းလုယက် အသတ်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီ လူသတ်မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့တွေက အမှုဖွင့် စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW