တောင်ကုတ်မှာ ငွေစက္ကူအတုကိုင်ဆောင်သူ(၃)ဦး ဖမ်းဆီးရမိ

ဇူလိုင် ၁၃-၂၀၂၂
KK(VOM)

တောင်ကုတ်မြို့နယ်မှာ မနေ့ ဇူလိူင်၁၂ရက် မနက်ပိုင်းက ၁သောင်းငွေစက္ကူအတုကိုင်ဆောင်သူ(၃)ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တောင်ကုတ်မြို့နယ်၊ လိပ်ကုန်းဘောင်ကျေးရွာနဲ့ပါဒကျေးရွာတို့မှ ငွေစက္ကူအတုကိုင်ဆောင်သူ(၃)ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တသောင်းတန်ငွေစက္ကူအတုအရွက်ရေ သုံးရာကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“လိပ်ကုန်းဘောင်က ကောင်လေးကို အရင်မိတာ၊ သူကနေပြီး ဖော်လိုက်တာ၊ အဲ့ဒီကွင်းဆက်နဲ့ ပါဒရွာက ကောင်မလေးနှစ်ယောက်ကို ထပ်မိတာ”လို့ ပြောပါတယ်။

တစ်သောင်းတန်ငွေအတုတွေမိတာနဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက”မီးချောင်းထိုးရွာဘက်မှာငွေစက္ကူအတုတွေ လဲလှယ်လုပ်နေတယ်ဆိုတဲ့သတင်းကြားလို့ သွားစစ်ဆေးတာ၊ လိပ်ကုန်းဘောင်က ကောင်လေးဆီမှာ ၁သောင်းတန် ၁၀၅ ရွက်မိတယ်၊ ပါဒရွာကကောင်က ကောင်မလေးနှစ်ယောက်ဆီမှာ ၂၂၉ ရွက်မိတယ်”လို့ ပြောပါတယ်။

ငွေစက္ကူအတုလက်ဝယ်တွေ့ရှိသူတွေရဲ့ပြောဆိုချက်အရ လူမှုကွန်ရက်စာမျက်နှာက မက်ဆင်ဂျာကနေ ချိန်းဆိုပြီး ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းကနေ ၁သောင်းတန်အတု ၅၃သိန်းကို ၁၇ သိန်းဝယ်ယူခဲ့ပြီး သုံးစွဲခဲ့တယ်လို့ စစ်ဆေးတွေ့ရှိကြောင်း သူကရှင်းပြပါတယ်။

တောင်ကုတ်မြို့နယ်မှာ မနေ့မနက်ပိုင်းက ငွေအတုတွေဖမ်းဆီးရမိပြီးနောက် မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း စစ်ဆေးမှုအချို့ရှိခဲ့တယ်လို့ အဝေးပြေးယာဥ်လိုင်းမှ အလုပ်သမားတဦးက ပြောပါတယ်။

လက်တလောမှာ ငွေအတုလက်ဝယ်ကိုင်ဆောင်ထားသူကိုသန့်ဇင်ထွန်း၊မမာမာဝင်းနဲ့မခင်သီတာလွင်တို့ကိုတောင်ကုတ်မြို့မရဲစခန်းမှ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့လတွေက မရမ်းကုန်း၊ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ ငါးထောင်တန်နဲ့ ၁သောင်းတန် ငွေစက္ကူအတုတွေကို ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #တောင်ကုတ်

Related posts

Leave a Comment

VOM News

FREE
VIEW