ရခိုင်ကမ်းရိုးတန်းမှာတွေ့တဲ့ တော်ပီဒိုကို ရေတပ်က လာယူသွားတယ်လို့ ဒေသခံတွေပြော

ဇူလိုင် ၁၃-၂၀၂၂
SW(VOM)

ဒီကနေ့ မနက် ၇ နာရီလောက်က ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းတလျှောက် မာန်အောင်မြို့နယ်၊ မိန်းမကြွယ်ကျေးရွာအနီးကမ်းခြေမှာ ဒေသခံတွေတွေ့ရှိတဲ့ တော်ပီဒိုကို ရေတပ်က ယူဆောင်သွားပြီဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

အဲဒီတော်ပီဒိုဟာ လုံးပတ် (၃)ပေခန့်၊ အရှည် (၉)ပေခန့်ရှိပြီး ငွေရောင်နဲ့ လိမ္မော်ရောင် ဆေးသုတ်ထားကာ လုံးပတ်မှာ LWT-XP D&P Torpedo စာသားကို ရေးသားထားတယ်လို့ ဒေသခံတွေရဲ့ပေးပို့ချက်ပုံမှာ တွေ့ရပါတယ်။

တော်ပီဒိုကို နေ့လယ်နှောင်းပိုင်းလောက်မှာ မာန်အောင်မြို့နယ်အခြေစိုက် မျှော်တော်ဦးရေတပ်စခန်းက ကားတစီးနဲ့ တင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိန်းမကြွယ်ကျေးရွာ ရွာဦးဘုန်းတော်ကြီးက “ရေတပ်က ကားနဲ့လာပြီး တင်ယူသွားတယ်လို့ သိရပါတယ်။ မျှော်တော်ဦးရေတပ်စခန်းတို့မှာက စစ်ကားအသုံးပြုတာတွေ့တော့ စစ်ကားနဲ့ သယ်ယူသွားတယ်လို့ ယူဆရပါတယ်။ မျက်မြင်ကိုယ်တွေ့တင်တဲ့အခါတော့ ဘုန်းဘုန်းတို့မရှိဘူး”လို့ မိန့်ပါတယ်။

အဲဒီလိုမျိုး ကျေးရွာအနီးကမ်းခြေမှာ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အသုံးဆောင် တော်ပီဒိုတလုံးကို တွေ့ရှိရတဲ့အပေါ် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဘုန်းဘုန်းတို့ စတွေ့တုန်းကတော့ ၇ နာရီလောက်ရှိပါပြီ။ ကလေးတစ်ယောက်က ဖုန်းဆက်ပြီးစကားပြောရင်းနဲ့ တပည့်တော် ဒီလို ဗုံးကြီးတစ်လုံးတွေ့ခဲ့တယ်လို့ ပြောတယ်။ လူ ၃ ယောက်လောက်ခေါ်ပြီးသွားကြည့်တဲ့အခါ အမှန်တကယ်ဟုတ်တယ်။ ဘုန်းဘုန်းတို့က အဲဒီဗုံးကို တွေ့တာနဲ့ သက်ဆိုင်ရာကို အကြောင်းကြားပါတယ်။ သက်ဆိုင်ရာက ရောက်လာတဲ့အခါတော့ ဒါက မပေါက်ကွဲပါဘူး ဘုရားဆိုပြီးပြောတယ်။ အန္တရာယ်မရှိပါဘူးဘုရားဆိုပြီး လှမ်းပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေသခံတွေမှာတော့ ထူးထူးဆန်းဆန်း အင်မတန်ကြီးမားတဲ့ ဗုံးဖြစ်တဲ့အတွက် စိုးရိမ်ကြတယ်”လို့ မိန်းမကြွယ်ကျေးရွာ ဘုန်းတော်ကြီးက မိန့်ပါတယ်။

ရခိုင်လူထုကြားမှာတော့ အဲဒီ တော်ပီဒိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်က တပ်မတော်ရဲ့ရေတပ်နဲ့လေတပ် ပူးတွဲပြီး ရခိုင်ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်တဲ့အခါ အသုံးပြုခဲ့တဲ့ လက်နက်ဖြစ်နိုင်တယ်လို့ ဝေဖန်ချက်တွေလည်း ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့အပတ်က ရေငုပ်သင်္ဘော၊ ရေတပ်သင်္ဘောကြီးတွေအပြင် စစ်ရဟတ်ယာဉ်တွေအသုံးပြုပြီး နိုင်ငံတော်အဆင့် စစ်ရေးလေ့ကျင့်မှုတရပ်ကို လုပ်ဆောင်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ကြည့်ရှုအားပေးခဲ့တယ်လို့လည်း သိရပါတယ်။

ပြည်တွင်းသတင်းတွေမှာဖော်ပြချက်အရ အဲဒီ တော်ပီဒိုဟာ ရေငုတ်သင်္ဘော၊ သင်္ဘောကြီးတွေနဲ့ ရဟတ်ယာဉ်တွေမှာ တပ်ဆင်အသုံးပြုနိုင်တယ်လို့သိရပြီး ကန်ဒေါလာ ၃၈ သန်းတန်ကြေးရှိကာ အိန္ဒိယက ဝယ်ယူတာဖြစ်နိုင်တယ်လို့လည်း ဖော်ပြထားကြပါတယ်။

#voiceofmyanmar #VOM #ရခိုင်ကမ်းရိုးတန်းမှာတွေ့တဲ့ #တော်ပီဒို #ရေတပ်ကယူသွား

Related posts

Leave a Comment

VOM News

FREE
VIEW