ဧရာဝတီတိုင်းမှာ ၁ လကျော်အတွင်း သဘာဝဘေးအန္တရာယ်၂၃ ခါဖြစ်ပွားပြီး ၃ ယောက်သေဆုံး၊ ၃ ဦးဒဏ်ရာရှိခဲ့

ဇူလိုင် ၁၃ ၊၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းမှာ ၁လကျော်ကာလအတွင်း သဘာဝဘေးအန္တရာယ် ၂၃ ခါဖြစ်ပွားခဲ့ပြီး လူ ၃ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။

”ဧရာဝတီတိုင်းမှာ ၁လကျော်ကာလအတွင်း သဘာဝဘေးအန္တရာယ်ပေါင်းစုံ ၂၃ ခါဖြစ်ပါတယ်၊ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့ရသူ ၃ ယောက်ရှိပြီး ဒဏ်ရာရရှိတဲ့သူကလည်း ၃ ယောက်ရှိတယ်၊ လိုအပ်တာတွေ ပံ့ပိုးပေးထားတယ်။”လို့ ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလတာဝန်ရှိသူတဦးကပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဇွန်လ ၂ ရက်ကနေ ဇူလိုင် ၁၂ ရက်ကာလအတွင်းမှာ သဘာဝဘေးအန္တရာယ်၂၃ ခါဖြစ်ပွားခဲ့ရာ မီးဘေး ၂ ခါ၊လေပြင်းတိုက်ခတ်မှု ၇ ခါ၊မိုးကြိုးဘေး ၃ ခါ၊ကမ်းပြိုဘေး ၈ ခါ၊တောဆင်ရိုင်းတိုက်ခိုက်ခံရမှု ၂ ခါ၊ မိကျောင်းအကိုက်ခံရမှု ၁ ခါဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့သဘာဝဘေးအန္တရာယ်တွေထဲကမှ မိုးကြိုးဘေးကြောင့် သေဆုံးသူ ၃ ယောက်၊ဒဏ်ရာရရှိသူ ၁ ယောက်နဲ့ မီးဘေးကြောင့်ဒဏ်ရာရရှိသူ ၁ ယောက်၊မိကျောင်းအကိုက်ခံရလို့ ဒဏ်ရာရရှိသူ ၁ ယောက်ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကလည်း ငွေကျပ် ၁၁ ဒသမ ၆၆ သန်းအထိရှိခဲ့တယ်လို့ သိရပါတယ်။

သဘာဝဘေးဒဏ်ကြောင့် လုံးဝပျက်စီးသွားတဲ့ လူနေအိမ် ၁၅ လုံး၊တစ်စိတ်တပိုင်းပျက်စီးသွားတဲ့နေအိမ်အလုံး ၁၅၀ ၊ပြောင်းရွှေ့ခဲ့ရတဲ့နေအိမ် ၁၄ လုံးရှိတယ်လို့သိရပါတယ်။

”မြစ်ရေတိုက်စားပြီးရုတ်တရက်ကမ်းပြိုကျလာလို့ နေအိမ်တွေဖျက်ပြောင်းရွှေ့ရတာပါ၊အချိန်မဟုတ် အခါမဟုတ် အိမ်တွေဖျက်ပြီးပြောင်းရွှေ့ရတော့အခက် အခဲတွေရှိတယ်၊သူတို့ဘက်ကနေ ထောက်ပံ့တာနဲ့ကလည်း ဘာမှလုပ်လို့မရဘူး။”လို့ ကမ်းဘေးသင့်ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီသဘာဝဘေးဒဏ်ကြောင့် အိမ်ထောင်စု ၁၇၉ စု၊ လူ ၁၂၉ ယောက်သဘာဝဘေးဒဏ်သင့်ခဲ့ရပြီး သဘာဝဘေးအများဆုံးဖြစ်ပွားခဲ့တဲ့မြို့နယ်တွေကတော့ မအူပင်၊ပန်းတနော်၊ မြန်အောင်၊ဇလွန်၊ညောင်တုန်း၊ဘိုကလေးစတဲ့မြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #သဘာဝဘေးအန္တရာယ်

Related posts

Leave a Comment

VOM News

FREE
VIEW