မြိတ်-ထားဝယ်ကားလမ်း ပုလောမြို့နားမှာ ခရီးသည်တင်ကား မိုင်းထိပြီး ၄ ယောက်ဒဏ်ရာရ

ဇူလိုင် ၁၄-၂၀၂၂
VOM (GG)

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ မနေ့ဇူလိူင် ၁၃ ရက်နေ့က ရွှေဝယ်မင်း ခရီးသည်တင်မှန်လုံကား မိုင်းထိပြီး ကားပေါ်ပါခရီးသည် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

” မနက် ၁၀ နာရီလောက်မှာ ဖြစ်တာ၊ဖြစ်တာက ပုလောမြို့ရဲ့တောင်ဘက် ထားဝယ်-မြိတ် သွားကားလမ်း မိုင်တိုင်အမှတ်(၁၀၁/၁)နဲ့ (၁၀၁/၂)အကြားမှာ ဖြစ်တာပါ။လက်လုပ်မိုင်းပေါက်တာလို့တော့ သိရပေမယ့် အတိကျတော့မသိရသေးဘူး “လို့ ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။

ရွှေဝယ်မင်း Express ကားဟာ မြိတ်မြို့ကနေ ထားဝယ်ကို မောင်းနှင်လာတာဖြစ်ပြီး ကားပေါ်မှာ ခရီးသည် ၂၀ လိုက်ပါလာကြောင်း၊ မိုင်းထိဒဏ်ကြောင့် ယာဥ်မောင်းအပါအဝင် ခရီးသည် ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ဝင်ပေါက်တံခါးမှန် မိုင်းစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ပုလောမြို့နယ်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ပြီး ဆေးကုသပေးနေတယ်လို့သိရပါတယ်။

ဇူလိူင် ၁၂ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ရွှေဘို-မြစ်ကြီးနားကားလမ်းမှာ မြစ်ကြီးနား-မန္တလေး ခရီးသည်တင် ကောင်းမြတ်ဟိန်း မှန်လုံကား မိုင်းထိမှန်ပြီး ခရီးသည် ၁ ဦးသေကာ ၈ ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ၊ မန္တလေးကားလမ်းမှာ မိုင်းပေါက်ကွဲပြီး မုံရွာ ရန်ကုန် ခရီးသည်တင် ရွှေသလ္လာကားပေါ်ပါ ခရီးသည် ၁ ဦး သေဆုံးပြီး ၊ ခရီးသည် ၁၂ ဦး ဒဏ်ရာရခဲ့တာလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုလော #ခရီးသည်ကားမိုင်းထိ

Related posts

Leave a Comment

VOM News

FREE
VIEW