ကလေးမြို့တောင်ပိုင်းမှာ လုံခြုံရေးနဲ့ စိုက်ပျိုးစရိတ်ကြီးမြင့်တာကြောင့် အခုထိ မိုးစပါး မစိုက်နိုင်သေး

ဇူလိုင် ၊ ၁၄-၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့တောင်ပိုင်းက မိုးစပါး တောင်သူတွေဟာ စိုက်ပျိုးစရိတ်ကြီးမြင့်လာပြီး တိုက်ပွဲတွေကြောင့် လုံခြုံမှုမရှိတဲ့အတွက် အခုထိ မိုးစပါး မစိုက်ပျိုးနိုင်သေးဘူးလို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

” မနှစ်က ထွန်စက်ခ ၁ ဧကကို ၃ သောင်းပဲ ပေးရတယ် ၊ အဲ့ဒီတုန်းက ဒီဇယ် ၁ ပေပါကို ၁ သိန်း ၈ သောင်းနဲ့ ၂ သိန်းဝန်းကျင်ပဲရှိတယ် ၊ ဒီနှစ်က ဒီဇယ် ၁ ပေပါကို ၅ သိန်းဆိုတော့ ၁ ဧကကို ထွန်စက်ခက ၈ သောင်းမှ မရရင် မကိုက်ဘူး ဆိုပြီး လိုက်မယ့်သူ မရှိဘူး ၊ အဲ့ဒီအပြင် မနှစ်က မြေဆီ ၁ အိတ်ကို ၆ သောင်းကျော်ပဲရှိတာ ၊ ဒီနှစ်က မြေဆီအိတ်က ၁ သိန်းကျော်ရှိတယ် စိုက်စရိတ်စျေးနူန်းက မနှစ်ကထက် ၁ ဆမြင့်တက်နေတော့ မစိုက်နိုင်ကြဘူး ၊ မိရိုးဖလာနည်းနဲ့ စိုက်မယ်ဆိုတော့လည်း ဒီဘက်မှာက တိုက်ပွဲတွေက မကြာခဏဖြစ်နေတယ် ၊ အဲ့ဒါကြောင့် ဒီနှစ်မှာ စိုက်ဧက သိသိသာသာ ကျလာနေတယ် “လို့ ကလေးမြို့နယ်တောင်ပိုင်း၊နတ်ချောင်းရွာခံ တောင်သူတယောက်က ပြောပါတယ်။

ကလေးမြို့နယ် တောင်ပိုင်း ၊ တင်သားရွာခံ တောင်သူ တဦးက ” နှစ်တိုင်းကလို သိပ္ပံနည်းနဲ့ မစိုက်ပျိုးနိုင်တဲ့အတွက် မြေဆီအစား နွားချေး ၊ ကြက်ချေး ထည့်ပြီး မိရိုးဖလာနည်းနဲ့ စိုက်ကျတဲ့ တောင်သူ အနည်းငယ်တော့ ရှိတယ် ၊ မျိုးစပါးက ဒီနှစ်မှာ ၆ သောင်းကျော်တယ် ၊ အဲ့ဒီတော့ ပျိုးထောင်စနစ်နဲ့ မစိုက်တော့ဘူး ၊ အများစုက ပက်ကြဲဲပြီး စိုက်တာ ၊ အဲ့ဒီလို စိုက်ပျိုးတဲ့အတွက် ဖြစ်ပေါ်လာမယ့် ရလာဒ်က စပါးထွက်နူန်း သိသိသာသာ ကျဆင်းသွားမှာ “လို့ ပြောပါတယ်။

အခုရက်ပိုင်းမှာ မကြာခဏ ပစ်ခတ်ထိတွေ့တာတွေ ဖြစ်နေတဲ့ ထိုမာ ၊ ထောက်ကြံ့ ၊ ကြာအင်း ၊ သာယာကုန်း ၊ နတ်ချောင်း ၊ ချောင်းခွ ၊ သံဘို ၊ ဆည်တော ၊ တင်သား ၊ ရှားဘို ၊ ဒိုးနွယ် ၊ စတဲ့ ရွာတွေဘက်က မိုးစပါးစိုက် တောင်သူတွေဟာ လုံခြုံရေးစိတ်မချရတာကြောင့် လယ်ယာလုပ်ငန်းခွင်ဝင်ဖို့ အခက်တွေ့နေရတာလို့ သိရပါတယ်။

.” နှစ်တိုင်းက စပါးပေး ကြိုငွေပေးတဲ့သူတွေများတယ် ၊ ကြိုက်သလောက်ယူလို့ရတယ် ၊ ဒီနှစ်က အဲ့ဒီလို စပါးပေးကြိုငွေထုတ်ပေးတဲ့သူ မရှိဘူး ၊ နယ်မြေ မတည်ငြိမ်တော့ စပါးပွဲစားတွေ လာတာလည်း မရှိဘူး ၊ ဒီနှစ် ပဲရာသီတုန်းက ပဲတွေရိတ်သိမ်းပြီး စျေးကွက်ထဲပို့ဖို့က ဆက်သွယ်ရေး လမ်းကြောင်း မကောင်းဘူး ၊ ပိတ်ထားခံရတယ် ၊ ရွာမှာပဲ လှောင်ထားရင် မီးဘေးကြောက်ရတယ် ၊ စျေးကွက်ပျက်ပြီး ပဲတောင်သူတွေ အထိနာခဲ့ရတယ် ” လို့ နတ်ချောင်း ပဲတောင်သူ တယောက်က ပြောပါတယ်။

ကလေးမြို့နယ်ဟာ စပါးအမျိုးမျိုးနဲ့ ပဲအမျိုးမျိုး ထွက်ရှိရာ ဒေသတခုဖြစ်ပြီး စိုက်ပျိုးရေးကို အခြေခံတဲ့ မြို့တမြို့ဖြစ်ပေမယ့် ဒီနှစ် မိုးရာသီမှာ စပါးစိုက်တောင်သူ ဦးရေ အခုထိ သိသိသာသာ ကျဆင်းနေတဲ့ အတွက် လာမယ့်နှစ်မှာ ဒေသတွင်း စားနပ်ရိက္ခာ မဖူလုံမှုဖြစ်လာမှာကို ကလေးမြို့ခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကလေး #တောင်သူ #မိုးစပါးမစိုက်ပျိုးနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW