နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်ကင်းလွတ်ခွင့်ကို ဗဟိုဘဏ်က ပြန်လည်ပယ်ဖျက်

ဇူလိုင် ၁၅-၂၀၂၂
VOM (GG)

ပြည်တွင်းမှာ နိုင်ငံခြားငွေရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့အထက်ရှိတဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေကို နိုင်ငံခြားသုံးငွေကန့် သတ်ချက် ကင်းလွတ်ခွင့်ပြုထားတာကနေ ဗဟိုဘဏ်က ပြန်လည်ပယ်ဖျက်ကြောင်း ထပ်မံကြေညာလိုက်ပါတယ်။

” ဟုတ်ပါတယ် တနေ့က ပယ်​ဖျက်ကြောင်း စာထုတ်တာတွေ့တယ်။ ဘယ်လိုတွေ စီမံခန့်ခွဲနေလည်း မပြောတတ်တော့ပါဘူး ။ စာကိုထုတ်တာ မနည်းတော့ဘူး ။ အခုကင်းလွတ်ခွင့်ပြု အခုပြန်ပယ်ဖျက်နဲ့ လုပ်ငန်းရှင်တွေက ဘာကိုဘယ်လိုလုပ်ရမလဲမသိတော့ဘူး ။ စာထုတ်တာပဲ ထိုင်ကြည့်နေရမယ့်ပုံဖြစ်နေပြီ “လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်​။

ပြည်ပရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ရှိတဲ့ ကုမ္ပဏီ​တွေကို နိုင်ငံခြားသုံးငွေကန့်သတ်ချက်က ကင်းလွတ်ခွင့်ကို ပြီးခဲ့တဲ့ ဇွန်လကခွင့်ပြုခဲ့တာဖြစ်ပြီး ပြန်လည်ပယ်ဖျက်ကြောင်းကိုတော့ ဇူလိူင်လ ၁၃ ရက်နေ့မှာ ဗဟိုဘဏ်က AD လိုင်စင်ရဘဏ်တွေကို ထပ်မံအသိပေး အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကင်းလွတ်ခွင့်ပြုခဲ့တာတွေက ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတဲ့ကုမ္ပဏီတွေထဲက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့အထက်ရှိတဲ့ ကုမ္ပဏီတွေဖြစ် တယ်လို့သိရပါတယ်။

အဲ့ဒီလိုကြေညာချက်အပေါ် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တဦးကလည်း” လူတွေရဲ့လုပ်ငန်းအဆင်မပြေမှုအပေါ်မှာ ကြည့်ရှုပြီးတော့ အတိုးနူန်းတွေ ကောက်ခံဖို့ပြောပေမယ့် တကယ့်လက်တွေ့မှာတော့ ဘဏ်တွေက မရရင်မဖြစ် သိမ်းမယ်၊ဒဏ်ကြေးတွေတပ်မယ် လုပ်နေကြတယ်၊ချေးငွေကြတော့ AD လိုင်စင်ရဘဏ်တွေကနေ လုပ်တာဆိုတော့ ဗဟိုဘဏ်က သူတို့ကိုစာထုတ်တဲ့သဘောပေါ့။ နိုင်ငံခြားငွေက သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်တွေလောက်ပဲရှိတော့တာ။ ကျန်တဲ့ လုပ်ငန်းရှင်တွေကတော့ အခက်အခဲသိပ်မရှိပါဘူး ” လို့ သုံးသပ်ပြောဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံနဲ့ သံတမန်ထူထောင်ထားပြီး၊ မြန်မာနိုင်ငံအတွင်း သံရုံးဖွင့်လှစ်ထားရှိတဲ့ ပြည်ပနိုင်ငံက သံတမန်တွေ၊ မိသားစုဝင်တွေ နဲ့ အဆိုပါသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ သံတမန်နဲ့ အလားတူအဆင့်ရှိတဲ့ သံအဖွဲ့ မှုထမ်းစုမှာပါဝင်တဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကိုတော့ ဒေါ်လာကန့်သတ်ချက် ကင်းလွတ်ခွင့်ပြုထားဆဲဖြစ်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံအတွင်းက ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ သူတို့ရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေ၊ ကုလသမဂ္ဂဝန်ထမ်း (laissez-passer) ခရီးသွားလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေ၊ ပြည်ပနိုင်ငံကနေ မြန်မာနိုင်ငံမှာ လာရောက်အကူအညီပေးရေး ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးအေဂျင်စီ ( Development Agencies )များရှိ နိုင်ငံခြားသား ဝန်ထမ်းတွေ ၊အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ(ဥပမာ- ကမ္ဘာ့ကြက်ခြေနီအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့စသည်)၊ INGO နဲ့ Development Agencies တွေ (ဥပမာ- TICA, JICA) သံတမန်အဆင့် နိုင်ငံခြားသားဝန်ထမ်းတွေ၊ နိုင်ငံပိုင်/ နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေကိုတော့ ကင်းလွတ်ခွင့်ပြုထားဆဲဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နိုင်ငံခြားသုံးငွေကန့်သတ်ချက်ကင်းလွတ်ခွင့် #ဗဟိုဘဏ် #ပြန်လည်ပယ်ဖျက်

Related posts

Leave a Comment

VOM News

FREE
VIEW