ကြံခင်းမှာ ၇လအတွင်း ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ လူနေအိမ်တွေ တဒါဇင်ကျော်ရှိလာ

ဇူလိုင် ၊ ၁၅-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်ထဲမှာ ၂၀၂၂ နှစ်စပိုင်းကစလို့ မနေ့ ဇူလိုင် ၁၄ ရက်အထိ ၇ လအတွင်း လူနေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းတာ တဒါဇင်ကျော်ရှိနေပြီလို့ ဒေသခံတွေဆီကနေသိရပါတယ်။

”ကြံခင်းမြို့၊ ခုံကြီးကျေးရွာက ဦးကုလားရဲ့နေအိမ်ကိုလာပြီး ဇူလိုင် ၁၃ ရက်က ချိပ်ပိတ်သွားတာ၊ဦးကုလားရဲ့အိမ်ကိုလာစစ်ဆေးတဲ့အခါ သားဖြစ်သူကိုမတွေ့လို့ နေအိမ်ကိုချိတ်ပိတ်သွားတာ၊မြို့ပေါ်နေရာတွေအပါအဝင် နေအိမ် ၁၃ လုံးလောက် ချိပ်ပိတ်ခံထားရပြီ”လို့ ဒေသခံတယောက်ကပြောပါတယ်။

ကြံခင်းမြို့နယ်ထဲက ချိပ်ပိတ်ခံရတဲ့နေအိမ်တွေဟာ
နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ ၃ ယောက်ရဲ့နေအိမ် ၃ လုံး၊NLD ပါတီဝင် ၆ ယောက်ရဲ့နေအိမ် ၆ လုံးနဲ့
တရားမဝင်အဖွဲ့တွေနဲ့ပတ်သက်မှုရှိတယ်ဆိုတဲ့ လူ ၄ ယောက်ရဲ့နေအိမ် ၄ လုံးတို့ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုလူနေအိမ်တွေချိပ်ပိတ်သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး ကြံခင်းမြို့နယ်လုံခြုံရေးနဲ့နီးစပ်သူတဦးက”
အိမ်တွေချိပ်ပိတ်သိမ်းဆည်းတယ်ဆိုတာ အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေအရ စစ်ဆေးပေါ်ပေါက်ပြီး ငြိစွန်းနေတဲ့အတွက် နည်းဥပဒေအရသိမ်းဆီးရတာ “လို့ ပြောပါတယ်။

ကြံခင်းမြို့ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ကလည်း လူနေအိမ် ၁၁ လုံးထက်မနည်း ချိပ်ပိတ်သိမ်းဆည်းခံရတာတွေရှိခဲ့သလို ချိပ်ပိတ်သိမ်းဆည်ခံရတဲ့အထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပါတီနိုင်ငံရေးနဲ့မသက်ဆိုင်တဲ့လူပုဂ္ဂိုလ်တွေရဲ့နေအိမ်တွေလည်း ပါဝင်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ကြံခင်း #နေအိမ်ချိပ်ပိတ် #တဒါဇင်ကျော်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW