တကျော့ပြန်ကူးစက်လာနေတဲ့ ကိုဗစ်မျိုးကွဲ BA4 နဲ့ BA5 ကို သတိပြုပါ

သွေး (စစ်ကိုင်း)

ကိုဗစ်-19 တကျော့ပြန် ကူးစက်မှုတွေ မြင့်မားလာတာကြောင့် ကမ္ဘာပေါ်မှာ ကိုဗစ်ကပ်ရောဂါ ဆုံးခန်းတိုင်ဖို့ အချိန်အတန်ကြာ လိုနေဦးမယ်ဆိုတာ သက်သေပြနေပါတယ်။ အသစ်အသစ်သော မျိုးကွဲတွေ ထွက်ပေါ်လာနေတာကလည်း ကမ္ဘာ့လူသားတို့ရဲ့ ကျန်းမာရေးကို ဆက်လက်ခြိမ်းခြောက်နေဆဲပါ။ ရောဂါ ကူးစက်ခံရပြီးမှ ကုသတာထက် မကူးစက်အောင် ကြိုတင်ကာကွယ်တာ အကောင်းဆုံး ဖြစ်သလို ကိုဗစ်နဲ့ ပတ်သက်လာရင် အမြဲမပြတ် သတိရှိရှိ ကာကွယ်နေထိုင်သွားရမှာ ဖြစ်ပါတယ်။

NBC News မှာ ရေးသားထားချက်အရ- ကိုဗစ်မျိုးကွဲထဲက အိုမီခရွန်မျိုးကွဲတစ်ခု ဖြစ်တဲ့ BA5 ကူးစက်မှုတွေကို အမေရိကန်နိုင်ငံမှာ တွေ့လာရတယ်လို့ ပြောပါတယ်။ ဇူလိုင် ပထမပတ်အတွင်း ကူးစက်မှုတွေရဲ့ ၅၄ ရာခိုင်နှုန်းဟာ BA5 ဖြစ်တယ်လို့ အမေရိကန်ပြည်ထေင်စု ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကူးစက်မှုတွေရဲ့ ၁၇ ရာခိုင်နှုန်းက BA4 မျိုးကွဲ ဖြစ်ပါသတဲ့။

Duke တက္ကသိုလ် ဆေးပညာဌာနမှ ပါမောက္ခ “ဒေးဗစ်မွန်တီမီရိုရီ” က ဒီမျိုးကွဲ နှစ်ခုဟာ အစောပိုင်းက တွေ့ရှိခဲ့တဲ့ အိုမီခရွန်မျိုးကွဲတွေထက် ပိုပြီး ကူးစက်နိုင်ကြောင်း သတိပေးပါတယ်။ ဒါ့အပြင် သုတေသနပြု တွေ့ရှိချက်တွေအရ BA2 မျိုးကွဲနဲ့ စာရင် BA4 နဲ့ BA5 မျိုးကွဲတွေက ပဋိပစ္စည်းတွေကို လေးဆ,ပိုပြီး ခံနိုင်ရည် ရှိတယ်လို့လည်း ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပေမယ့် ကူးစက်မှု မခံရဘူးလို့ မပြောနိုင်တဲ့ သဘောပါပဲ။

အဲဒီတော့ BA4 နဲ့ BA5 ရဲ့ရောဂါလက္ခဏာတွေကရော ဘာတွေလဲ? လေ့လာကြည့် ရအောင်ပါ။ အများဆုံး တွေ့ရတဲ့ ရောဂါလက္ခဏာကတော့ နှာရည်ယိုတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ၊ ချောင်းဆိုးတာနဲ့
မောပန်းနွမ်းနယ်တာတွေပဲ ဖြစ်ပါတယ်။

UK ကျန်းမာရေး အေဂျင်စီ(UK Health Security Agency) ကလည်းUK မှာ BA4 နဲ့ BA5 ကိုဗစ်မျိုးကွဲ ကူးစက်မှုတွေ တိုးလာနိုင်ကြောင်း သတိပေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ UK မှာတွေ့ရတဲ့ ကူးစက်မှု ထက်ဝက်ခန့်ဟာ BA4 နဲ့ BA5 ကူးစက်မှုတွေ ဖြစ်နေလို့ပါပဲ။ UK မှာ ၂၀၂၂ ခုနှစ် မေလကတည်းက ကူးစက်မှုတွေကို စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။

BA4 နဲ့ BA5 မျိုးကွဲ ကူးစက်မှုတွေ စတင်တွေ့ရှိခဲ့ရတာကတော့ တောင်အာဖရိကနိုင်ငံမှာပါ။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ကတည်းက အိုမီခရွန်မျိုးကွဲသစ် ကူးစက်ခံရသူ အရေအတွက် တရှိန်တိုး မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ အတွင်းမှာတော့ BA4 နဲ့ BA5 ကူးစက်မှုတွေကို ခြေရာခံခဲ့မိပါတယ်။ ဇူလိုင် ၂ ရက် ကနေ ၁၅ ရက်နေ့ အတွင်း ကူးစက်ခံရသူ ၄,၆၂၃ယောက်ထိ ရှိခဲ့ပါတယ်။ လက်ရှိအချိန် ဩစတြေးလျ၊ ပေါ်တူဂီနိုင်ငံတွေမှာလည်း ဒီမျိုးကွဲ ၂ ခု ကူးစက်မှုတွေ ရှိနေပါတယ်။ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၄၆ နိုင်ငံမှာ ကူးစက်နေပြီ ဖြစ်လို့ သတိထားရမယ့် အနေအထားလည်းဖြစ်ပါတယ်။

နောက်ထပ် သတိပြုရမယ့် အချက်(၁)ချက်ကတော့ BA2 မျိုးကွဲထက် ပိုပြီး BA4 နဲ့ BA5 မျိုးကွဲတွေက ရောဂါပြင်းထန်နိုင်ကြောင်း တွေ့ရှိရတဲ့ အချက်ပါ။ ပေါ်တူဂီမှာ BA5 မျိုးကွဲဟာ BA2မျိုးကွဲထက် ၁၃ ရာခိုင်နှုန်း ပိုမိုကူးစက်မှု မြန်ဆန်ကြောင်း တွေ့ခဲ့ရပါတယ်။
အာရှတိုက်က ဂျပန်နိုင်ငံမှာဆိုရင်လည်း BA5 မျိုးကွဲ ကူးစက်မှုတွေကြောင့် ကူးစက်ခံရသူဟာ ဇူလိုင် ၁၅ ရက်နေ့မှာ ၁ သိန်းကျော်ထိ မြင့်တက်လာခဲ့တာပါ။ ဂျပန်အစိုးရ ကျန်းမာရေးတာဝန်ရှိသူတွေက BA5မျိုးကွဲ လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့နေကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

ဒါကြောင့် နိုင်ငံရဲ့ခရီးသွားလုပ်ငန်း အပါအဝင် အခြားစီးပွားရေး လုပ်ငန်းတွေကို ထိခိုက်လာမှာ စိုးရိမ်နေကြပါတယ်။ ဂျပန်အစိုးရအနေနဲ့ ကိုဗစ်သတ္တမလှိုင်းကို ထိန်းချုပ်နိုင်ဖို့ အတွက်လည်း ကြိုးစားနေပါတယ်။ အဲဒီလို ထိန်းချုပ်တဲ့နေရာမှာ စီးပွားရေးလုပ်ငန်းတွေကို မထိခိုက်စေဘဲ တတ်နိုင်သလောက် ထိန်းချုပ်သွားဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေကို booster (အားဖြည့်ကာကွယ်ဆေး)ထိုးနှံပေးတာ၊ ဘူတာရုံနဲ့ လေဆိပ်တွေမှာ ကိုဗစ်ကူးစက်ခံရမှု ရှိ၊မရှိ အခမဲ့ စစ်ဆေးပေးတာ၊ အဆောက်အဦတွေမှာ လေဝင်လေထွက်ကောင်းမွန်အောင် လုပ်ဆောင်ပေးတာတွေလည်း ပါဝင်မယ် လို့ ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်သွားဖို့ပြောကြားထားပါတယ်။ ဂျပန်မှာ လက်ရှိကူးစက်မှုတွေရဲ့ ၅၆ ဒသမ ၄ ရာခိုင်နှုန်းဟာ BA5 တွေဖြစ်ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့မှာ ဆိုရင် တစ်ရက်တည်းမှာပဲ ကူးစက်ခံရသူ ၁၁၀,၆၄၇ ယောက်ထိရှိခဲ့တာပါ။

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက မိသားစု တစ်စုမှာ ကိုဗစ်ကူးစက်ခံရသူ ရှိနေရင် လိုက်နာရမယ့် အချက်တွေကို အခုလို အကြံပြုထားပါတယ်-

(၁) သီးသန့်ခွဲထားတဲ့ အခန်းမှာ နေထိုင်ပါ၊
(၂) အခန်းကို လေဝင်လေထွက် ကောင်းမွန်အောင် လုပ်ဆောင်ပါ၊
(၃) လူအများစုနဲ့ ထိတွေ့ရတဲ့ နေရာတွေကို သွားလာတိုင်း နှာခေါင်းစည်းတပ်ဆင်ပါ၊
(၄) အပြင်က ပြန်လာတိုင်း လက်ကို ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး ဆေးကြောပါ၊
(၅) အဝတ်အစားတွေ၊ အိပ်ရာခင်းတွေကို လျှော်ဖွပ်ပါ၊ လျှော်ဖွပ်နေချိန်မှာ လက်အိတ်နဲ့ နှာခေါင်းစည်း
တပ်ဆင်ပါ၊
(၆) သုံးပြီးသား နှာခေါင်းစည်းတွေကို သေချာစည်းနှောင် ထုပ်ပိုးပြီးမှ စွန့်ပစ်ပါ။

ကျမတို့ မြန်မာနိုင်ငံမှာလည်း BA4 နဲ့ BA5 ကိုဗစ်မျိုးကွဲ ကူးစက်ခံရသူ ၆ ယောက် တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီလူတွေဟာ ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။

ဒါကြောင့် BA4 နဲ့ BA5 မျိုးကွဲ ကူးစက်မှု ကျယ်ပြန့်မလာအောင် ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိနဲ့ ကာကွယ်နေထိုင်သွားရမှာပါ။ ဝမ်းနည်းစရာကောင်းအောင် အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့ ကိုဗစ်တတိယလှိုင်းကို သင်ခန်းစာယူသင့်ပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကြောင့် လူမှုစီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတွေပါ အများကြီး ထိခိုက်ခဲ့ရပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံဖို့ အရေးကြီးသလို မထိုးနှံရသေးသူတွေလည်း သတိရှိရှိနဲ့ ထိုးနှံဖို့ လိုပါတယ်။ ကာကွယ်ဆေး ထိုးပြီးသွားပြီ ဆိုပြီး နှာခေါင်းစည်း မတပ်ဘဲ လူအများကြား မသွားလာသင့်ပါဘူး။ နှာခေါင်းစည်း တပ်ဆင်ရာမှာလည်း နှာခေါင်းနဲ့ ပါးစပ်ကို လုံခြုံအောင် စနစ်တကျတပ်ဆင်ဖို့ လိုသလို မေးစေ့ချိတ်လိုက်၊ ပြန်တပ်လိုက်လည်း မလုပ်သင့်ပါဘူး။ ဒါ့အပြင် အဝတ်နဲ့ပြုလုပ်ထားတဲ့ နှာခေါင်းစည်းတွေထက် အရည်အသွေးကောင်းတဲ့ တစ်ခါသုံး နှာခေါင်းစည်းတွေကို ရွေးချယ်တပ်ဆင်သင့်ပါတယ်။ ကိုဗစ်ကူးစက်မှု လျော့ကျလာပြီး ဆိုပြီး နှာခေါင်းစည်း တပ်ဆင်သူ နည်းပါးသွားတာကို ရန်ကုန်နဲ့ တခြား မြို့ကြီးတွေမှာ တွေ့လာနေရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြု လူနာတွေ ပိုများလာနေသလို သေဆုံးသူတွေပါ ရှိလာနေပါတယ်။ ဇူလိုင် ၁၆ ရက်နေ့ တစ်ရက်တည်းမှာပဲ ထိုင်းနိုင်ငံမှာ ကူးစက်ခံရသူ ၄,၀၅၃ ယောက်ရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကိုဗစ်ကြောင့် သေဆုံးရသူ ၃၈ ယောက်ထိ ရှိခဲ့တာကြောင့် စိုးရိမ်စရာ အနေအထား ဖြစ်နေပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ BA4 နဲ့ BA5 မျိုးကွဲ ကူးစက်မှုတွေကို ပြီးခဲ့တဲ့ ဇွန်လကတည်းက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး BA2.75 အိုမီခရွန်မျိုးကွဲကိုတော့ မေလကတည်းက တွေ့ရှိခဲ့ရတာပါ။ ဒီမျိုးကွဲကို နယ်သာလန်၊ ဂျပန်၊ UK ၊ ဂျာမနီတို့မှာလည်း တွေ့ရှိထားတာမို့ ကျန်းမာရေးပညာရှင်တွေက ဂရုစိုက်နေထိုင်ကြဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံမှာလည်း BA2.75 မျိုးကွဲ ကူးစက်ခံထားရသူ ၂ ယောက် တွေ့ရှိထားပါတယ်။ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက အဲဒီ၂ ယောက်ဟာ အိန္ဒိယကို ခရီးသွားလာခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ ပြောပါတယ်။ အိန္ဒိယမှာ ဇူလိုင် ၁၆ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုဗစ်ကူးစက်ခံရသူ ၂၀,၅၂၈ ယောက် ရှိပြီး သေဆုံးသူပေါင်း ၄၉ ယောက်ရှိခဲ့ပါတယ်။

ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် BA4, BA5 နဲ့ BA2.75မျိုးကွဲ ကူးစက်မှုတွေကို တတ်နိုင်သရွေ့ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ ကိုဗစ် 19 မျိုးကွဲသစ်တွေ ထပ်မံပေါ်ပေါက်လာနေတာကြောင့် ကူးစက်မှု မခံရအောင် တဦးချင်း တယောက်ချင်းစီရဲ့ ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိနဲ့ ဂရုစိုက်ဆင်ခြင်နေထိုင်ကြဖို့ အရေးကြီးပါတယ်။

ဒါမှသာ ကိုဗစ်ကူးစက်ခံရမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွား ထိခိုက်မှုကို ကာကွယ်နိုင်မှာလည်း ဖြစ်ပါ‌ကြောင်း အသိပေးရေးသားလိုက်ရပါတယ်။ ။

#voiceofmyanmar #VOM #သွေးစစ်ကိုင်း #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW