လာမယ့်နှစ်မှာ အာဆီယံအဖွဲ့၀င်နိုင်ငံဖြစ်လာဖို့ အရှေ့တီမောနိုင်ငံ မျှော်လင့်နေ

ဂျကာတာ၊ ဇူလိုင်-၁၉-၂၀၂၂
မျိုးဆက်(VOM)

အရှေ့တီမောနိုင်ငံဟာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ ကုန်သွယ်မှုတိုးမြှင့်ဖို့နဲ့ အာဆီယံအဖွဲ့၀င်နိုင်ငံဖြစ်ဖို့ ဆယ်စုနှစ်များစွာ ကြိုးစားမှုအောင်မြင်ဖို့ မျှော်လင့်ကြောင်း အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ဇူလိုင် ၁၉ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သမ္မတရာမို့စ်ဟော်တာဟာ ဧပြီလမှာ သမ္မတအဖြစ် ဒုတိယအကြိမ်ရွေးချယ်ခံရပြီးနောက် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်သွားရောက်ခဲ့ပြီး သမ္မတဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်းကလည်း တီမောလက်စ်တီလို့ခေါ်တဲ့ အရှေ့တီမောမှာ သမ္မတအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။

အရှေ့တောင်အာရှရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အရှေ့တီမောဟာ လည်ပတ်နေတဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းထားပြီးဖြစ်လို့ အာဆီယံအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အဖွဲ့၀င်နိုင်ငံဖြစ်လာမှာပါလို့ သူကပြောပါတယ်။

လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် အင်ဒိုနီးရှားက တာ၀န်ယူတဲ့အချိန်မှာ အာဆီယံအဖွဲ့၀င်နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ကြောင်း အရှေ့တီမောသမ္မတက ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့၀င်နိုင်ငံအဖြစ် လျှောက်ထားခဲ့တဲ့ အရှေ့တီမောနိုင်ငံဟာ လက်ရှိမှာတော့ လေ့လာသူအဆင့်ကို ရရှိထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW