ပခုက္ကူခရိုင်ထဲမှာ ၃ လအတွင်း ကား အစီး ၂၀ ကျော် လုယူခံရ

ဇူလိုင် ၊ ၁၉ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ အပါအဝင် မြို့နယ် ၅ ခုထဲမှာ အခုနှစ် မေလကနေ ဇူလိုင် ၁၇ ရက် အထိ ၃ လအတွင်းမှာ ကားလုယူခံရတဲ့ အစီးရေပေါင်း ၂၀ ကျော်ရှိတယ်လို့ ပခုက္ကူမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” လုယူခံရတဲ့ကား အမျိုးအစားတွေက ခရီးသည်တင် လိုင်းကား ၊ အိမ်စီးကား ၊ ဘုန်းကြီးကားတွေ အပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံး ကားတွေပါဝင်တယ် ” လို့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ဒါ့အပြင် ကားလုယူခံရတာတွေနဲ့ ပတ်သက်ပြီး ပခုက္ကူဒေသခံ တဦးက ” ဒီလ ၁၇ ရက်ည ၁၀ နာရီဝန်းကျင်က ရေစကြိုမြို့နယ် ၊ ဗလဘကျေးရွာ မှာရှိတဲ့ ညာတိကာရုံ ဘုန်ကြီးကျောင်း ဓားပြတိုက်ခံရတယ် ၊ ကျောင်းထိုင်ဆရာတော်က မရှိတော့ ကျောင်းကပ္ပိယ ဦးခင်မောင်သိန်း ဆိုတဲ့သူပဲ ကျောင်းမှာ အစောင့်ကျန်ခဲ့တာ ၊ ဓားပြတွေက ဘုန်းကြီးရဲ့ ပါရာဒို ကားကို လုယူသွားတာ ” လို့ ပြောပါတယ်။

ဒါ့အပြင် အခုလ ၁၄ ရက်နေ့ မနက်ပိုင်းကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ကနေ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်ကို ထွက်ခွာ မောင်းနှင်လာတဲ့ ပေါက်ရွှေပြည် ခရီးသည်တင် လိုင်းကား ၁ စီးဟာ ပေါက်မြို့နယ်ထဲအရောက်မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့က ခရီးသည်တွေကို ကားပေါ်က ဆွဲချပြီး ကားကို လုယူမောင်းနှင်းသွားတာ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၉ ရက်နေ့ညကလည်းပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ပခုက္ကူ – မြိုင်ကားလမ်းပေါ်က မြတ်နိုးသူ ဆောက်လုပ်ရေး ကုမ္မဏီပိုင် တိုးလ်ဂိတ် ဓားပြတိုက်ခံရပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံး ကား ၂ စီး လုယူခံရတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီအပြင် ဆိပ်ဖြူမြို့နယ်ထဲမှာ ကပစ စက်ရုံကို ကုန်ကြမ်းတွေ ပို့ဆောင်တဲ့ ၁၂ ဘီးကား ၃ စီးဟာ လမ်းမှာ လုယူခံရတဲ့အတွက် ပျောက်ဆုံးနေတာ ဖြစ်ခဲ့ပါသေးတယ် ။

ပြီးခဲ့တဲ့ မေ ၂၆ ရက် မနက် ၃ နာရီဝန်းကျင်ကလည်း ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ် ၊ အလယ်စုကျေးရွာက ကုန်စုံရောင်းတဲ့ အိမ်က လင်မယား ၂ ယောက်ကို သတ်ပြီး ဟိုက်ဂျက်ကား ၁ စီး ၊ ဆိုင်ကယ်စီး လုယူခံရတာ ဖြစ်ခဲ့ပါတယ်။

မေ ၂၇ ရက် ညနေပိုင်းက ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဇယမ ကျေးရွာမှာရှိတဲ့ သာဿနာ့ ဇောတိက ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဆရာတော် ဥူးသောမာလောက အသတ်ခံရပြီး ဘုန်းကြီးကျောင်းပိုင် ကား ၁ စီး လုယူခံရတာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ ၊ စက်မှုဇုန်မှာရှိတဲ့ ကြံ့နှစ်ကောင်း ဘိလပ်မြေ ဂိုဒေါင်မှာ ရောက်ရှိနေတဲ့ ဘိလပ်မြေအိတ် သယ်ယူပို့ဆောင်တဲ့ နောက်တွဲ ယာဥ် ကား ၂ စီးလည်း လုယူခံရပါသေးတယ် ။

ဇွန်လကလည်း ပခုက္ကူမြို့ဘောလုံးကွင်း တိုက်တန်းက ပန့်နော်ဇယ် ပြုပြင်ရေးဆိုင်မှာ အလုပ်အပ်ထားတဲ့ ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူးရဲ့ ကား ၁ စီး လုယူခံရတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီ ဖြစ်စဥ်တွေအပြင် မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်မှာ ကားလုယူခံရတဲ့ အခြားဖြစ်စဥ်တွေ ရှိခဲ့ပါသေးတယ်။

အဲ့ဒါကြောင့် ပခုက္ကူခရိုင်ထဲမှာ ၃ လအတွင်း ကားလုယူခံရတဲ့ ဖြစ်စဥ် ၁၅ ခုထက်မနည်းရှိခဲ့ပြီး ကား အစီးရေ ၂၀ ကျော် လုယူခံထားရတဲ့အတွက် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းနေပေမယ့် ဒီကနေ့အထိတော့ လုယူခံရတဲ့ ကားတွေ ပြန်ရတယ်ဆိုတာ မကြားရသေးပါဘူး။

#voiceofmyanmar #VOM #ပခုက္ကူ #ကားလုခံရ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW