မုံရွာခရိုင်ထဲမှာ ၁ နှစ်အတွင်း ပစ်သတ်ခံရတဲ့စျေးသည် အယောက် ၄၀ ကျော်ရှိ

ဇူလိုင် ၊ ၂၀ ၊ ၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ အပါအဝင် ၊ မြို့နယ် ၄ ခုထဲမှာ ပြီးခဲ့တဲ့ နှစ် ဇူလိုင်ကစလို့ ဒီ နှစ် ဇူလိုင် ၂၀ ရက်အထိ ၁ နှစ်တာကာလအတွင်း စျေးရောင်းနေရင်း ပစ်သတ်ခံရတဲ့ စျေးသည်ပေါင်း အယောက် ၄၀ ကျော်သွားပြီဖြစ်တယ်လို့ မုံရွာဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ပစ်သတ်ခံရတဲ့ စျေးသည် ၄၀ ကျော်ဟာ ကွမ်းယာသည် ၊ ကုန်စိမ်းသည် ၊ ဘုရားပန်းရောင်းတဲ့ ပန်းသည် ၊ ကုန်စုံဆိုင် စျေးသည်တွေ အပါအဝင် လမ်းဘေးစျေးသည်တွေဖြစ်တယ် ” လို့ အခင်းဖြစ်နေရာကို သွားရောက်ကူညီပေးခဲ့တဲ့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

” မနေ့က နေ့လယ် ၂ နာရီဝန်းကျင်မှာ မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် ၊ မြတ်လေးလမ်းနဲ့ စိန်ပန်းနီလမ်းထောင့်မှာရှိတဲ့ မိုက်တီး စားသောက်ဆိုင်ရှေ့မှာ စျေးရောင်းနေတဲ့ မနီနီမြင့် ပစ်သတ်ခံရတယ် ၊ အဲ့ဒီလို စျေးရောင်းနေရင်း ပစ်သတ်ခံရတဲ့ စျေးသည်ပေါင်းဟာ တနှစ်အတွင်း ၄၀ ကျော်သေဆုံးသွားပြီ” လို့ မုံရွာမြို့ခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် မုံရွာခရိုင်ထဲက အခုလ ၅ ရက်နေ့က မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ အောင်မဟာလမ်း ၊ နန္ဒဝန်စျေးအနီးက ကုန်စုံဆိုင်ဖွင့်ပြီး စျေးရောင်းနေတဲ့ စျေးသည် ၁ ဦးလည်းဖြစ် ၊ မုံရွာမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ရဲ့ ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိင်ခဲ့သူ တယောက်လည်းဖြစ်တဲ့ ဦးသိန်းလွင်မြင့် ဆိုသူဟာ နေအိမ် ကုန်စုံဆိုင်မှာ စျေးရောင်းနေတဲ့အချိန် ပစ်သတ်ခံရလို့ သေဆုံးသွားပါတယ်။

အဲ့ဒီနောက် အခုလ ၈ ရက်နေ့ မနက်ပိုင်းက မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ ဗိုလ်တထောင်လမ်းမှာ ရှိတဲ့ မန်းကျည်းပင်းစျေးမှာ ကုန်စိမ်းရောင်းနေတဲ့ စျေးသည် ဒေါ်ခင်စန်းတင့် ဆိုသူဟာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လကလည်း မုံရွာမြို့ ဒေါနခြံရပ်ကွက် ၊ ပြည်ထောင်စုလမ်းမှာရှိတဲ့ ကန်သာယာ မနက်စျေးမှာ စျေးရောင်းနေတဲ့ ထန်းတောရပ်ကွက်က စျေးသည် တယောက် ပစ်သတ်ခံရသလို ထန်းတောပုကျေးရွာနဲ့ ကြာပိုင် ကျေးရွာသွားလမ်းမှာ ပန်းဖောက်သည် သွားယူတဲ့ စျေးသည် အမျိုးသား၂ ယောက် သတ်ခံရတဲ့ဖြစ်စဥ် ၂ ကြိမ် အပါအဝင် မုံရွာ သံလမ်းစျေးက ပန်းရောင်းပြီး တောပုရွာကို ပြန်လာတဲ့ ပန်းသည် ၁ ဦးနဲ့ဆို စျေးသည် ၆ ဦးပစ်သတ်ခံရတာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ကင်မွန်းတော်ကျေးရွာက ခရမ်းချဥ်သီး စျေးသည်တွေဟာ ခင်မွန်ရွာမှာရှိတဲ့ ကုန်စိမ်းပွဲရုံကနေ စျေးရောင်းအပြန် ချောင်းဦးမြို့ရဲ့ အနောက်ဘက် အလွန် နေရာမှာ ထွေလာဂျီယာဥ်ပေါ် ပါလာသမျှ စျေးသည် အကုန်လုံး သတ်ခံရတဲ့အတွက် စျေးသည် ၅ ယောက် သေဆုံးခဲ့ပါတယ်။

အဲ့ဒီ ဖြစ်စဥ် ဖြစ်ပွားပြီး ရက်ပိုင်းအကြာမှာ ကင်မွန်းတော်ရွာကနေ အမြင့်စျေးကို စျေးပြန်ရောင်းဖို့ ဖောက်သည်စျေးသွားဝယ်ကြတဲ့ ကင်မွန်းတော် စျေးသည် ၁၄ ယောက် တပြိုင်နက်တည်း သတ်ခံရတာ ဖြစ်ပေါ်ခဲ့ပါတယ်။

မုံရွာခရိုင်ထဲမှာ ပြီးခဲ့တဲ့ ၁ နှစ်တာ ကာလအတွင်းမှာ ပစ်သတ်ခံရတဲ့ စျေးသည်တွေကတော့ ကွမ်းယာသည် ၆ ဦး ၊ ကုန်စုံဆိုင်စျေးသည် ၂ ဦး ၊ ကုန်စိမ်းသည် အထိုင်ရောင်းသူ ၇ ဦး ၊ လည်ရောင်းစျေးသည် ၃၀ ကျော်ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ သေဆုံရတဲ့ စျေးသည်တွေဟာ သူတို့ဘာကြောင့် အသတ်ခံရတယ်ဆိုတာ မသိရသလို ၊ သူတို့ကို ဘယ်သူတွေက သတ်တယ်ဆိုတာလည်း VOM က အတည်ပြုနိုင်တာ မရှိပါဘူး။

အဲ့ဒီ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ရုံးတွေကတော့ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာခရိုင် #ပစ်သတ်ခံရမှုများ

Related posts

Leave a Comment

VOM News

FREE
VIEW