လာမေ ဓာတ်စက်ရထားပေါ်မှာ၊ နှစ်ပါးပျော်ပျော် တူစီးပါစို့လေး

ဆူးငှက်

မန္တလေးရတနာပုံနေပြည်တော် တည်ထောင်ရာတွင် သတ္တဌာနအပါအဝင်ဖြစ်သည့် နန်းတော်မြို့ရိုးကို သာသနာ ၂၄ဝဝပြည့်နှစ် အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့်စတုရန်းတည်၍ မြို့ရိုးအနားတစ်ဘက်လျှင် တာ ၆ဝဝ စီ ဖွဲ့လျက် ကိုက်ပေါင်း ၂၂၁၆ကိုက်၊ လေးဘက်ပတ်လည် စုစုပေါင်း ၅မိုင်၁ဖာလုံရှည် စတုရန်းအကွက်ချ တည်ဆောက်သည်။ တစ်မျက်နှာလျှင် ၁မိုင်၂ဖာလုံကျော်မျှရှိသည်ဟု ခန့်မှန်းနိုင်သည်။

မန္တလေးမြို့ကွက်ရိုက်ရာတွင် နန်းမြို့ကို အခြေခံသည်။ မြို့ရိုးလေးဘက်လေးတန်တွင် လူနေရပ်ကွက် များဖြင့် ဖွဲ့စည်းရာတွင် အလယ်ကောင် ဓာတ်တံခါးကြီးနှင့် တည့်တည့်တွင် အဓိကလမ်းမကြီး၊ ဘေးတစ်ဖက်တစ်ချက် မိတ်တံခါးနှင့် တည့်တည့်တွင် လမ်းမနှင့်၊ အဆိုပါ ဓာတ်တံခါးနှင့် မိတ်တံခါးများကြားမှ ပြအိုးများနှင့် တည့်တည့်တွင် လမ်းသွယ်များအဖြစ် ဖောက်လုပ်သည်။ ထို့ကြောင့် တာ ၆၀၀ အရှည်ရှိသော ကျုံးတစ်ဖက်စီတွင် ဓာတ်တံခါး ၁၊ မိတ်တံခါး ၂၊ထာင့်ပြာသာဒ် ၂နှင့် ပြအိုး ၈လုံးရှိရာ အဆိုပါပြာသာဒ်များနှင့် တည့်တည့်တွင် လမ်း၁၂ လမ်းရှိသည်။ ထို ၁၂လမ်းကြားကို တစ်ပြဟုခေါ်သည်။ပြအိုးပြသာဒ်ကို ကိုယ်စားပြုကာ တစ်ပြဟုခေါ်ခြင်းဖြစ်သည်။ မြို့ရိုးတစ်ဖက်တွင် တာ ၆၀၀ (၂၂၁၆ ကိုက်) ရှိသဖြင့် တစ်ပြလျှင် တာ ၅၀ (၁၈၅ ကိုက် = ၅၅၅ပေ ခန့်) ရှိသည်။
ထိုအကွာအဝေးအတိုင်း ကန့်လန့်ဖြတ်လမ်းများဖောက်သောအခါ မန္တလေး မြို့ကွက်သည် တစ်ပြပတ်လည် (၅၅၅ပေ ပတ်လည်ရှိ) ဝင်းကြီးများအဖြစ် ဖွဲ့စည်းသည့် မြို့ကွက်ပုံစံ ဖြစ်ပါ၏။

တကယ်တော့ မန္တလေးတစ်ပြမှာ ထင်သလောက် မဝေးလှပါ။ မြို့တော်တွင်း၌ တာ ၅ဝ လျှင် တစ်ပြ (ပေ ၅၅ဝကျာ်)ဖြင့် အရှေ့၊ အနောက်၊တောင်၊ မြောက် ၁၂ ပေစီဖြင့် စတုရန်းပြကွက်ကြီးပေါင်း ၁၄၄ ကွက် လျာထားသည်။ မြို့ပြင်၌လည်း ၄င်းအတိုင်းအထွာ ပြများအတိုင်း လမ်းများဖောက်ကာ အရှေ့၊ အနောက်၊တောင်၊မြောက် ကန့်လန့်ဖြတ် လမ်းများဖြင့် စတုရန်းပုံဝင်းကြီးများကိုဖွဲ့စည်းသည်။

မန္တလေးတောင်တော်၏ အရိပ်ကိုခိုလှုံသည့် နိမိတ်ကိုဆောင်သည့် အနေဖြင့် နန်းမြို့တော်ကမြောက်ဖျား မန္တလေးတောင်ခြေ၌ တည်ရှိပြီး မြို့၏ အခင်းအကျင်းက တောင်မြောက် အလျား ခြောက်မိုင်ခွဲခန့်၊ အရှေ့အနောက် အနံ လေးမိုင်ခန့် ရှိသောကြောင့် စတင်တည်စဉ်က မန္တလေး၏ အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင် ၂၄.၆၅ ခန့် ရှိသည်။ မြို့ကို လေးပြင်လေးရပ် ခွဲခြားသတ်မှတ်ကာ အရပ်ဦးရေ ၅၄ ဌာနကို အမည်သမုတ် ခေါ်တွင်စေခဲ့၏။

နန်းတော်ကို ဗဟိုပြု၍ နန်းမြို့ရိုး၏ အရှေ့ဘက်ပိုင်းကို အရှေ့ပြင်၊ အနောက်ဘက်ကျသော အပိုင်းကို အနောက်ပြင်၊မြောက်ဘက်ကျသောအပိုင်းက မြောက်ပြင်ဟု အကြမ်းဖျဉ်းသတ်မှတ်သည်။ မင်းနေပြည်ခေတ်ကတော့ မြို့တွင်းသွားလာရေးအတွက် ခြေကျင်၊မြင်း၊ လှည်းတို့ကို အဓိကထား အသုံးပြုခဲ့ကြသည်။ ခရစ်နှစ် ၁၈၈၅ခုနှစ် နိုဝင်ဘာလတွင် အင်္ဂလိပ်က သိမ်းပိုက်ပြီးနောက် ၁၈၈၅ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့တွင် အင်္ဂလိပ်ကော်မရှင်နာမင်းကြီး မစ္စတာဘားနဒ်သည် မန္တလေးသို့ရာက်လာပြီး မြို့ပြအုပ်ချုပ်ရေးကို ဒဗြူတီကော်မရှင်နာ လက်အောက် ထားလိုက်သည်။ ခရစ်နှစ်၁၈၈၇ (သက္ကရာဇ်၁၂၄၉) ခုနှစ်၌ မြူနီစီပယ်ဖွဲ့သည်။ခေတ်နောက်ကျနေသော မြို့ပြကို တစ်ဆင့်ချင်းပြုပြင်ယူရာ မြူနီစီပယ် ဖွဲ့စည်းခြင်းနှင့်အတူ လမ်းခင်းခြင်း၊ တယ်လီဖုန်းသွယ်တန်းခြင်း၊ ဟောင်းနွမ်းနေသော မြန်မာပိုင် တဲအိမ်များ ဖျက်သိမ်း၍ နိုင်ငံခြားသားပိုင် အိုးအိမ်များအတွက် ဂရန်မြေများ ချထားခြင်း၊ တပင်တိုင် ရေနံဆီမှန်အိမ်မီးတိုင်များကို ပြလမ်းများတွင် ထွန်းညှိခြင်း၊ မီးဘေးသင့်ခံရသော ဈေးချိုတော်ကို အသစ်ပြင်ဆင် ဆောက်လုပ်ခြင်းများ ဆက်တိုက်ဆောင်ရွက်ခဲ့သည်။

အင်းဝ၊ အမရပူရမှ မန္တလေးအထိ အစဉ်အဆက် ပါလာသော မြို့၏ ပင်မဗဟိုချက်အသည်းနှလုံးဖြစ်သော ဈေးချိုတော်ကို အရှေ့တိုင်း၏ အကြီးအကျယ်ဆုံးသောဈေးကြီးအဖြစ် တည်ဆောက်နိုင်ရန် ညှိနှိုင်းဆွးနွေးကြကာ ဆုံးဖြတ်ပြီးသည်နှင့် မန္တလေးတွင် လျှပ်စစ်ဓာတ်အား စတင်သုံးစွဲနိုင်အောင် အကောင်အထည်ဖော်ခဲ့သည်။ ထို့ကြောင့် ၁၉ဝ၂ ခုနှစ် အောက်တိုဘာလမှာပင်၊ Mandalay Electric Companyကို စတာလင်ပေါင် တစ်သိန်းဖြင့် မတည် ရင်းနှီးမြူပ်နှံလိုက်သည်။ ချက်ချင်းလက်ငင်းဆိုသလိုပင် ဒီဇင်ဘာလအတွင်း၌ (Messrs.Diek, Kerr and Campany)နှင့် လုပ်ငန်းဆိုင်ရာ စာချုပ်များ ချုပ်ဆိုလိုက်ကြသည်။ ဒစ်ကားကုမ္ပဏီမှာ လန်ဒန်အခြေဆိုက်ဖြစ်ပြီး ဘာစီလိုနား၊ မက်ဒရစ်နှင့် ကာလကတ္တားမြို့များ၌လည်း ဓာတ်ရထားနှင့် လမ်းများဖောက်လုပ်ပေးခဲ့သည့် ကုမ္ပဏီဖြစ်သည်။ လန်ဒန်၌ ၁၉ဝ၂ ခုနှစ် စတာလင်ပေါင် နှစ်သိန်းဖြင့် မတည် မှတ်ပုံတင်ခဲ့သော ကုမ္ပဏီလည်းဖြစ်သည်။

ဓာတ်ရထားဆိုသည်မှာ သွယ်တန်းထားသော ဓာတ်ကြိုးတစ်လျှောက် အမိုးပေါ်ရှိ လက်တံဖြင့် ထိကာ လျှပ်စစ်ဓာတ်အားဖြင့် ပြေးဆွဲရသော ယာဉ်ဖြစ်သည်။ ဤသို့ဖြင့် လျှပ်စစ်ဓာတ်အားကုမ္ပဏီ၊ ဓာတ်ရထားကုမ္ပဏီများအတွက် မန္တလေးမြို့ ၂၆ဘီ အာဇာနည်လမ်းမကြီးနှင့် ၇၈လမ်းဆုံ တောင်ဘက်ကျုံးနံဘေးတွင် ရေနွေးငွေ့အားသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်ရထား ကုမ္ပဏီရုံးခန်း၊ ဓာတ်ရထားများ ထားရန် ဂိုဒေါင်နှင့် ဝပ်ရှော့တို့ကို ဝင်းကြီးတစ်ဝင်းတွင် စုစည်းနေရာပေးခဲ့သည်။ အင်္ဂလိပ်လက်ထက် ကတည်းက လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ရှိရာ ဝင်းကြီးမှ အစဉ်အဆက် လျှပ်စစ်နှင့်သက်ဆိုင်သော နေရာအဖြစ် ယခုထက်တိုင် တည်ရှိဆဲ ဖြစ်ပါသည်။

ဓာတ်ရထားပြေးဆွဲမှု ကွန်ရက်မှာ မန္တလေးဈေးချိုတော်ကို မဏ္ဍိုင်ထား၍ ဈေးချို-ဂေါဝိန်၊ဈေးချို-ဘုရားကြီး၊ဈေးချို-ရုံးကြီးဟူ၍ လိုင်းသုံးလိုင်း ခွဲလိုက်၏။ စုစုပေါင်းအရှည် ၇ မိုင်ရှိသည်။ ထိုဓာတ်ရထားလိုင်းများအတွက် လျှပ်စစ်ဓာတ်ကြိုးများ သွယ်တန်းရသည်။ ဓာတ်ရထားပြေး သံလမ်းများ ခင်းရသည်။ ဓာတ်ရထားတွဲများမှာ အရှည် ၃၅ပ ၄ လက်မခွဲ၊ အကျယ် ၆ပ၊ အမြင့် ၈ပခန့်ရှိပြီး Electric Railway and Tramway Carriage Works, Limite က ဆောက်လုပ်ပေးခဲ့သည်။ ဓာတ်ရထားပေါင်း ၂၄စင်းပြေးဆွဲခဲ့၏။ ဓာတ်ရထား တစ်တွဲတွင် ခရီးသည် ၄၈ ယောက် စီးနင်း လိုက်ပါနိုင်သည်။

မန္တလေးတွင် လျှပ်စစ်မီးကြိုးများ သွယ်တန်းပြီးရနွေးငွေ့ အင်ဂျင်ဖြင့် လျှပ်စစ်ဓာတ်အားပေးသည်နှင့် ၁၉ဝ၄ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ဓာတ်ရထားများကို စတင် ဖွင့်လှစ် ပြေးဆွဲခဲ့သည်။ ထို့နောက် မန္တလေးမြို့တွင်း ဓာတ်ရထားလမ်းကို ၁၉၀၄ခု ဇူလိုင်၁၄ရက်
(၁၂၆၆ခု၊ဒုတိယဝါဆိုလဆန်း၃ရက်)က မန္တလေး ၇၈လမ်းပေါ်ရှိ ဓာတ်ရထား ကုမ္ပဏီရုံးခန်းရှေ့မှ မန္တလေးမြို့ မျက်နှာဖုံး မြို့မိမြို့ဖများ၊ အရာရှိအရာခံများ၊ မြို့သူမြို့သားများနှင့်အတူ ဘုရင်ခံဆာဟျူးဘရန့်စ်က ဓာတ်ရထားလိုင်းများအား ဖွင့်လှစ်ပေးခဲ့သည်။ ၈၄လမ်းတစ်လျှောက် ရှမ်းစုအထိ လမ်းကိုမူ ၁၉၀၇ခု၊ ဇန်နဝါရီလ၂၆ရက် (၁၂၆၈ခု၊တပို့တွဲလဆန်း၁၄ရက်)နေ့တွင် တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။

မန္တလေးတွင်ပြေးဆွဲသော ဓာတ်ရထားများကို လန်ဒန်မှ Dick Kerr & Co. Ltd of Preston, London ကုမ္ပဏီက တာဝန်ယူပြေးဆွဲခြင်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် ဘာစီလိုနာ၊ မက်ဒရစ်နှင့် ကာလကတ္တားမြို့များ၌လည်း ဓာတ်ရထားများဖောက်လုပ်ပြေးဆွဲခဲ့သည်။ မန္တလေး၌ပြေးဆွဲခဲ့သော ဓာတ်ရထားများမှာ တစ်ထပ်သာရှိပြီး ဘေးတံခါးများ မပါရှိသော ဟင်းလင်းဖွင့်များဖြစ်၏။ လူ၄၈ယောက်စီး ဓာတ်ရထား ၂၄စီးဖြင့် ပြေးဆွဲခဲ့သည်။ မန္တလေးမြို့အတွင်း ဓာတ်ရထားလမ်းမှာ ၆မိုင်ခွဲခန့် ရှည်ကာ အသွားလမ်း တစ်လမ်း အပြန်တစ်လမ်း ဖောက်လုပ်ထားသည်။ ဘုရားကြီးနှင့် ရုံးကြီး၊ ရုံးကြီးနှင့် ဂေါဝိန် လမ်းနှစ်လမ်းရှိကာ ခရီးဆုံးဘူတာများကား ရှမ်းစုဘူတာ၊ မန္တလေးဂေါဝိန်ဆိပ်နှင့် ရုံးကြီးတို့ ဖြစ်သည်။ ဓာတ်ရထားများ စတင်ပးဆွဲပြီးနောက် မန္တလေးမြို့တွင်း၌လည်း လျှပ်စစ်မီးများ သုံးစွဲနိုင်ခဲ့သည်။ တဆင့်ပြီးတဆင့် ရုံးများ၊ လူနေအိမ်များတွင်လည်း လျှပ်စစ်မီတာများ တပ်ဆင်ကာ လျှပ်စစ်ကို တွင်ကျယ်စွာအသုံးပြုစေ၏။

ဓာတ်ရထားများ မန္တလေး၌ စတင်ပြေးဆွဲစဉ်အခါက …
““…မန်းမဏ္ဍလ မန်စန်းနယ်မှာ၊ အံ့မခန်းဖွယ် အခင်းကြုံချက်ထူး၊ ရထားဓာတ်စက်စေနှင်မှာမူ ဝေဟင်အဇဋာန်ယံဦး၊ လေယာဉ်ပမာ ကွန့်ပျံမြူးလိမ့်၊ အဓွန့်ကဲထူးရှိလို့သာ၊ စီးဖို့ခေတ်ခါ ကြုံဆိုင်လင်း၊ ထုံကြိုင်သတင်းပြည်လုံးသိကြေညာ၊ ဂုဏ်ပြိုင်တမင့် ဆွယ်ဘက်ကွာပြီ။ နယ်စက္ကဝါ ရှာကရှားလိမ့်၊ လွှာမပါးတဲ့ အသင်းပေနော်၊ သတင်းလှိုင်ပျံ့ကျော်၊ လာမေ ဓာတ်စက်ရထားပေါ်မှာ၊ နှစ်ပါးပျော်ပျော် တူစီးပါစို့လေး”ဟူ၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆို အားပေးခဲ့ကြသည်။

ထို့ကြောင့်လည်း ဓာတ်ရထားကုမ္ပဏီက နောက်ပိုင်းတွင် အလယ်တံခါးပေါက် ပါသည့် ပိုမိုခံ့ညားသော ပုံစံသစ် ဓာတ်ရထားများပင် ပြေးဆွဲပေးခဲ့သည်။

၁၃၀၀ပြည့်နှစ်ဝန်းကျင်၌ ရှေ့၌ ဦးခေါင်းချွန်ကြီးများ ပါရှိသော ဆိုက်ကားများ ပေါ်လာပြီး ထိုဆိုက်ကားများကိုလည်း အစီးများလာပြန်၏။ ဆိုက်ကားများကားမြန်မာအမျိုးသား အများစု၏ တစ်ဦးချင်းစီ အသီးသီး ပိုင်ဆိုင်ကြသည့် ပုံစံဖြစ်သည်။ ထိုအခါ အင်အားကြီး အရင်းရှင်ကုမ္ပဏီကြီးက တစ်နေကုန်စီး ၃ပဲတန်လက်မှတ်များ ရေရင်းချကာ ၃ပဲဖြင့် တစ်နေကုန် ခေါက်တုံ့ခေါက်ပြန် စီးချင်သလောက်စီး ထိုလက်မှတ်ဖြင့်ပင် ထိုနေ့အတွက် မည်သူ့မဆိုလက်လွှဲစီးနိုင်သည့် စနစ်ကို တီထွင်ခဲ့သည်။

သို့သော် ၁၃၀၀ ပြည့်ဝန်းကျင်က အမျိုးသားရေးစိတ်ဓာတ်တံခွန် အမြင့်မားဆုံး အချိန်ဖြစ်သည်။ ထိုစိတ်ဓာတ်ဖြင့်ပင် အမျိုးသားပိုင် ဆိုက်ကားများကိုပဲ ဝိုင်းဝန်း အားပေးခဲ့သာကြောင့် အင်အားကြီး ဓာတ်ရထားကုမ္ပဏီကြီး အရှုံးပေး နောက်ဆုတ်ကာ ဓာတ်ရထားများ ဖြုတ်သိမ်းသွားရသည့် အဖြစ်အပျက်မှာလည်း မှတ်သားဖွယ်ရာဖြစ်သည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW