စစ်ကိုင်းတိုင်းထဲက တိုးလ်ဂိတ် ၈ ခုအနက် ၆ ခု မိုင်းခွဲခံရပြီးဖြစ်

ဇူလိုင် ၊ ၂၀ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းထဲက ကားလမ်းမတွေမှာ လမ်းတံတား အသုံးပြုခ ကောက်ခံနေတဲ့ တိုးလ်ဂိတ် ၈ ခုရှိတဲအနက် တိုးလ်ဂိတ် ၆ ခုဟာ မိုင်းခွဲတိုက်ခိုက်ခံခံထားရပြီးဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေး ကားသမားတွေဆီက သိရပါတယ်။

” မနေ့က မနက် ၁၀ နာရီဝန်းကျင်မှာ မြင်းမူမြို့ ၊ တပင်ရွှေထီရပ်ကွက် ၊ မြို့အဝင် မန္တလေး မုံရွာ အဝေးပြေးကားလမ်းပေါ်က တိုးလ်ဂိတ် မိုင်းခွဲတိုက်ခိုက်ခံရတယ် ၊ အဲ့ဒါရောဆို တိုက်ခိုက်ခံရတာ ၂ ကြိမ်ရှိပြီ ၊ အဆောက်ဦးတွေ ထိခိုက်ပျက်စီးသွားတာပါ ” လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ကားသမားတယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက တိုးလ်ဂိတ်တွေကတော့ မန္တလေး – စစ်ကိုင်း – မုံရွာ လမ်းပိုင်း ရွှေတောင် ဆောက်လုပ်ရေးကုမ္မဏီပိုင် ကံတလူ ၊ မြင်းမူ ၊ မုံရွာ တိုးလ်ဂိတ် ၃ ခု၊ မုံရွာ ဘုတလင် ရေဦး လမ်းပိုင်း ဆုထူးပန် ဆောက်လုပ်ရေး ကုမ္မဏီပိုင် ဘုတလင် နဲ့ စိုင်ပြင် တိုးလ်ဂိတ် ၂ ခု ၊ စစ်ကိုင်း ရွှေဘို လမ်းပိုင်း ရွှေတောင် ဆောက်လုပ်ရေးကုမ္မဏီပိုင် ရေထွက် တိုးလ်ဂိတ် ၁ ခု ၊ ချောင်းဦး ရေစကြို ပခုက္ကူ ဆင်ဖြူရှင် လမ်းပိုင်း ထွန်းညိုလူ ဆောက်လုပ်ရေးကုမ္မဏီပိုင် တိုးလ်ဂိတ် ၁ ခု၊ မုံရွာ ယာကြီး ကလေးဝ လမ်းပိုင်းမှာ သန်းကုဋေအောင် ဆောက်လုပ်ရေး ကုမ္မဏီပိုင် ဘန့်ဘွေး တိုးလ်ဂိတ် ၁ ခုတို့ပဲဖြစ်ပါတယ်။

အဲ့ဒီ တိုးလ်ဂိတ်တွေထဲက မုံရွာ-ဘုတလင်-ရေဦးလမ်းက တိုးလ်ဂိတ် ၂ ခု ဟာ ဒီနှစ် အစောပိုင်းက မိုင်းခွဲခံရတာ ဖြစ်ပြီး မုံရွာ-ယာကြီ-ကလေးဝလမ်းက တိုးလ်ဂိတ် ၁ ခုကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မိုင်းခွဲခံရတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၂ခုနှစ် သင်္ကြန်အပြီးမှာ စစ်ကိုင်း-ရွှေဘိုလမ်းက တိုးလ်ဂိတ် ၁ ခု ၊ ချောင်းဦး-ရေစကြို-ပခုက္ကူလမ်းက တိုးလ်ဂိတ် ၁ ခုနဲ့ မန္တလေး-စစ်ကိုင်း- မုံရွာ လမ်းက တိုးလ်ဂိတ် ၁ ခု မိုင်းခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းထဲက တိုးလ်ဂိတ် ၈ ခုရှိတဲ့အနက် ၆ ခု ဟာ မိုင်းခွဲတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW