ရေနံ့သာ -ဂွကားလမ်းမှာ ၆ ဘီးကား ၁စီး ချောက်ထဲထိုးကျ၊ ၂ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရရှိ

ဇူလိုင် ၂၀-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့
မိဿလင်ကျေးရွာအုပ်စု၊မိဿကျေးရွာအနီး ရေနံ့သာ -ဂွကားလမ်းမှာ မနေ့ ဇူလိုင် ၁၉ရက် ည ၈ နာရီကျော် လောက်က ၆ ဘီးမော်တော်ကား ၁ စီးချောက်ထဲထိုးကျလို့ ယာဉ်ပေါ်ပါလာသူတွေထဲက ၂ ယောက်သေဆုံးပြီး ၁၀ ယောက်ဒဏ်ရာရရှိသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ဒေသခံပရဟိတအဖွဲ့ဆီကနေသိရပါတယ်။

မိဿလင်ကျေးရွာအုပ်စု၊ရေနံ့သာ-ဂွကားလမ်းပေါ်မှာ အမျိုးသားတဦးမောင်းတဲ့ SKAT ယာဉ်အမျိုးအစားဟာ လမ်းခင်းမြေရော ကျောက်တွေတင်ဆောင်လာပြီး ဂွဘက်ကနေ ရေနံ့သာဘက်ကိုမောင်းနှင်လာချိန် မိဿလင်အုပ်စု၊မိဿလင်ကျေးရွာအနီးကကားလမ်းကွေ့အရောက်မှာ ရုတ်တရက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး
ချောက်ထဲကို ထိုးကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”အဲ့ဒီယာဉ်ချောက်ထဲထိုးကျလို့ကားပေါ်လိုက်ပါတဲ့ သူတွေထဲက အမျိုးသား တယောက်နဲ့အမျိုးသမီး တယောက် သေဆုံးခဲ့တယ်၊ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၆ ယောက် ၁၀ ယောက်ဒဏ်ရာရရှိခဲ့တယ်၊ ယာဉ်ပေါ်မှာ အားလုံး ၁၂ ယောက်လိုက်ပါလာတာပါ။” လို့ ဒေသခံပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။

ကားချောက်ထဲထိုးကျလို့သေဆုံးသွားတဲ့ ၂ ယောက်ဟာ ဦးသောင်းထွန်း အသက် ၆၃ နှစ်နဲ့ ဒေါ်ပေါက်စ အသက် ၅၄ နှစ်တို့ဖြစ်ပြီး ရေကြည်မြို့နယ်၊ ဂွေးတောက်အုပ်စု၊ကျောက်ခဲချောင်းကျေးရွာနေသူတွေဖြစ်တယ်လို့သိရပါတယ်။

ဒဏ်ရာရရှိသွားတဲ့လူနာတွေကို ငါးသိုင်းချောင်းမြို့ရှိ လူမှုကူညီရေးအသင်းတွေက သယ်ဆောင်ပြီးရေကြည်မြို့နယ် ပြည်သူ့ဆေးရုံကို တင်ပို့ကုသထားရတယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်းဖြစ်သူအမျိုးသားကို ရေကြည်မြို့နယ်ကုန်ပြင်နယ်မြေရဲစခန်းက ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ငါးသိုင်းချောင်း

Related posts

Leave a Comment

VOM News

FREE
VIEW