ခင်ဦးမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်ကြားက ရွာတွေမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၂၀ နီးပါးတွေ့ရှိ

ဇူလိုင် ၊ ၂၁ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်ကြားက ၊ သာဝတ္ထိကျေးရွာနဲ့ ကျီစုကျေးရွာတွေမှာ မနေ့ ဇူလိုင် ၂၀ ရက်က မီးရှို့သတ်ခံထားရတဲ့ လူသေရုပ်အလောင်း ၂၀ နီးပါးတွေ့ခဲ့ရတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

” မီးထဲရောက်ပြီးမှ သေတာလား ၊ သေပြီးမှ မီးထဲရောက်တာလားတော့ မသိဘူး ၊ အလောင်းတွေက မီးကြွင်းနေပြီ ၊ ရုပ်မပီတော့ဘူး ၊ တချို့ အလောင်းတွေဆို လက်နောက်ပြန်ကြိုးတုပ်ရဲ့ တန်းလန်းနဲ့တွေ့ရတာ ” လို့ ကျီစုရွာခံ တယောက်က ပြောပါတယ်။

ခင်ဦးမြို့နယ် သာဝတ္ထိရွာခံတယောက်ကလည်း ” ပြီးခဲ့တဲ့ရက်ပိုင်းက ရွာကလူတွေ အကုန်ပြေးကြတယ် ၊ မနေ့ကတော့ ပြေးတဲ့သူ တချို့တဝက် ရွာပြန်ကြတဲ့အခါ ရွာထဲမှာ အလောင်း ၃ လောင်းတွေ့ရတယ်လို့ ပြောတယ် ၊ နောက်ပြီး ရွာက ပျောက်နေတဲ့လူ ၁၀ ယောက်ကျော်လောက်ရှိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ခင်ဦးမြို့နယ် ကျီစုရွာနဲ့ သာဝတ္ထိရွာခံတွေပြောပြချက်အရ အခုလို မီးရှို့သတ်ခံထားရတဲ့ လူသေ အလောင်းပေါင်း ၂၀ နီးပါး သူတို့တွေ့ရှိထားတာလို့ သိရပါတယ်။

တွေ့ရှိရတဲ့ ရုပ်အလောင်းတွေဟာ ရုပ်မပီပြင်တော့တာကြောင့် ဘယ်သူဘယ်ဝါဖြစ်တယ်လို့ ရွာခံတွေက မသိကြသလို သူတို့ ဘာကြောင့် အခုလို အသတ်ခံရတယ်ဆိုတာလည်း မပြောနိုင်ကြပါဘူး။

ဒါ့အပြင် အဲ့ဒီရွာတွေက ဆက်သွယ်မရ ပျောက်ဆုံးနေတဲ့ လူငယ် ၂ ဒါဇင်နီးပါးဟာလည်း ပြေးရင်းလွှားရင်း အသတ်ခံရတာလား ၊ အဖမ်းခံရတာလား ၊ ဒါမှမဟုတ် ဆက်သွယ်မရတဲ့ နေရာကို ရောက်တာလား ဆိုတာ မိသားစုတွေက အခုချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောတာတွေလည်း ရှိပါတယ်။

အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့ရုံးကို VOM က ဆက်သွယ်မေးမြန်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

Photo-ခင်ဦး ဒေသခံတဦး
#voiceofmyanmar #VOM #ခင်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW