ဂတ်စ်မရလို့ YBSယာဥ်တွေ လိုင်းမဆွဲနိုင်တာကြောင့် ခရီးသည်တွေ အခက်အခဲနဲ့ရင်ဆိုင်နေရ

ဇူလိုင်၂၃-၂၀၂၂
KK(VOM)

ရန်ကုန်မှာ CNG ဂတ်စ်မရလို့ YBS ယာဥ်လိုင်းမဆွဲနိူင်တာကြောင့် ခရီးသည်အချို့ နေအိမ်ပြန်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

YBS ယာဥ်အချို့မထွက်တာကြောင့် မနေ့ ဇူလိုင် ၂၂ရက် ညနေပိုင်းမှာ အလုပ်သမားတွေ၊ ရုံးဝန်ထမ်းတွေနဲ့ စျေးသည်တွေဟာ နေအိမ်ပြန်ဖို့ အခက်အခဲနဲ့ကြုံခဲ့ရတယ်လို့ မြောက်ဥက္ကလာမှာနေသူတဦးက ပြောပါတယ်။

“ကျွန်တော်တို့က ပန်းရံလုပ်တာ မြို့ထဲကပြန်ရင် YBS စီးရင် သုံးရာ ဆိုင်ကယ်ကယ်စီးရင် ၇ ရာ ပေါင်း ၁၀၀၀၊ ရတာမှ တစ်သောင်း၊ မဖြစ်မနေ ကားငှားပြန်ရမယ် ဒါတောင် စုပြီးငှားတာနော် စုပြီး Taxi ငါးထောင်ကျမယ်၊ ပိုတဲ့ငါးထောင်နဲ့ဘယ်လို စားမလဲ နေ့တိုင်းဖြစ်နေရင် ဒုက္ခရောက်ပြီ”လို့ သူကပြောပါတယ်။

ကျပန်းအလုပ်သမားတွေနဲ့ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေက အငှားယာဥ်နဲ့အိမ်ပြန်ဖို့ မတက်နိူင်တာ
ကြောင့် YBSယာဥ်တွေကို ညအထိစောင့်နေပေမယ့် မတက်နိုင်တဲ့အဆုံး Taxiကားငှားပြန်ခဲ့ရလို့ စိတ်မကောင်းဖြစ်ရတယ်လို့ ဗဟန်းမြို့နယ်မှာနေထိုင်သူတဦးက ပြောပါတယ်။

“ညီမက ဗဟန်သုံးလမ်းမှာ နေတာ သူငယ်ချင်းတွေ လမ်းလျှောက်သွားလို့ရတယ်၊ ဒဂုံအရှေ့ တောင်ဒဂုံ မြောက်ဒဂုံ လှည်းကူး မင်္ဂလာဒုံ အဲ့ဒီလိုမြို့နယ်တွေကျတော့ အဆင်မပြေဘူးလေ၊ လူတိုင်းက ပိုက်ဆံပါတာမဟုတ်ဘူးလေ ဘယ်လိုလုပ်ကြမလဲ “လို့ ပြောပါတယ်။

ခရီးသည်တွေဆီမှာ အခက်အခဲရှိသလို CNG ဂတ်စ်ပြတ်လပ်မှုတွေကြောင့် ဂတ်စ်ဆိုင်မှာ တန်းစီရာမှာ အချိန်ကြာမြင့်စွာ တန်းစီရတဲ့အတွက် ယာဥ်လိုင်းတွေမထွက်နိူင်တာဖြစ်တယ်လို့ YBS ယာဥ်မောင်းတဦးက သူ့ရဲ့အခက်အခဲကို ပြောပြပါတယ်။

“အရင်ရက်တွေကတည်းက ဆိုင်တွေမှာ ဂတ်စ်ပျက်နေတဲ့ပြဿနာကိုသိတယ်၊ နောက်ရက်အဆင်ပြေမှာပဲလို့ တွေးထားတာ၊ အခုပိုတောင်ဆိုးတယ် နေ့လယ်က ကားတန်းစီရင် ညနေမှ ရတယ် ဒါတောင်ကံကောင်းလို့၊ ခရီးသည်အတွက် စိတ်မကောင်းဘူး၊ နီးစပ်ရာသူတွေကို Post တင်ခိုင်းပြီး YBS ကိုမစောင့်ဖို့ ကားငှားပြန်ဖို့ အသိပေးရတယ်”လို့ YBS ယာဥ်မောင်းတဦးက ပြောပါတယ်။

အခုလို YBSယာဥ်တွေ CNG ဂတ်စ်မရတဲ့ပြဿနာကို ခရီးသည်တွေသိပြီး အိမ်အပြန်ဒုက္ခမရောက်စေဖို့ YBS ယာဥ်တွေကို ကြီးကြပ်နေတဲ့အဖွဲ့အစည်းအနေနဲ့ ကြိုတင်အသိပေးသင့်တယ်လို့ ရုံးဝန်ထမ်းတဦးက သုံးသပ်ပြောဆိုပါတယ်။

“YBS တွေ ဂတ်စ်မရဘူးဆိုလည်း ပြည်သူကိုအသိပေးလေ၊ အိမ်က ပိုက်ဆံအပိုထည့်လာမယ်ဗျာ Taxi မတက်နိူင်ရင် အလုပ်မဆင်းဘူး၊ အခုက ဘာမှမသိတော့ ဒုက္ခရောက်ရော”လို့ သူကပြောပါတယ်။

ဒီလိုYBS ယာဥ်တွေ CNG ဂတ်စ်မရတဲ့ပြဿနာအပေါ် ခရီးသည်တွေ နောက်ရက်ကြုံလာပါက ဘယ်လိုစီမံဆောင်ရွက်မှုတွေရှိတယ်ဆိုတာကို VOM အနေနဲ့ YRTC ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

YRTC အနေနဲ့ နေ့စဥ် ယာဥ်လိုင်း ၁၁၆ လိုင်း၊ ယာဥ်အစီးရေ ၃၁၉၄ စီး ပြေးဆွဲပေးလျက်ရှိပြီး လိုက်ပါစီးနင်းတဲ့ ခရီးသည် ၁,၁၇၅,၄၅၃ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Photo- Original uploader
#voiceofmyanmar #VOM #ရန်ကုန် #CNGဂတ်စ်မရလို့ယာဉ်လိုင်းတွေမပြေးဆွဲနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW