မူဆယ်မှာ ခိုးခံရတဲ့ ကားနောက်ကို လိုက်သွားတဲ့ ကားပိုင်ရှင် သေနတ်နဲ့ပစ်ခံရလို့ ၁ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

ဇူလိုင် ၊ ၂၂-၂၀၂၂
SP(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့ ၊ မြို့ပတ်လမ်း ၊ အော်တိုဘရားသား ကားဝပ်ရှော့နားမှာ မနေ့ ဇူလိုင် ၂၁ ရက် ည ၈ နာရီဝန်းကျင်က ကား ၁ စီး သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ကားပေါ်ပါ လူ ၁ ဦးသေဆုံးခဲ့ပြီး ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မူဆယ်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ကျည်ဆံထိမှန် သေဆုံးသွားတဲ့သူက ကချင်တိုင်းရင်းသားလေးဖြစ်တယ် ၊ သူ့ သူငယ်ချင်း ကားခိုးခံရလို့ ၊ အခိုးခံရတဲ့ကားနောက်ကို လိုက်ရင်း အခုလို ပစ်သတ်ခံရတာ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

မူဆယ်ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” ညက ပစ်ခတ်သံကြားရလို့ လှည့်ကင်းအဖွဲ့ ပတ်ရှာတဲ့အခါ လုယက်ဓားပြတွေ မိထားတယ်၊ ပစ်ခတ်ခံရလို့ သေဆုံးသွားသူက ကွက်ခိုင်ဘက်က လပျက်လဒွဲ အသက် ၂၃ နှစ်လို့ ကနဦး သိထားရတယ် “လို့ ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ လုယက်ဓားပြတွေကို အမှုဖွင့်အရေးယူဖို့ စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

အခုတလော ​မူဆယ်မြို့ပေါ်မှာ ပစ္စည်းလုယက်တာတွေ ၊ ဆိုင်ကယ်နဲ့ အခြားပစ္စည်းတွေ ခိုးယူတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စားသောက်ဆိုင်မှာ စျေးဝယ်နေတဲ့ အမျိုးသားတဦးကို သေနတ်နဲ့ အနီးကပ်ပစ်သတ်သွားတာလည်း ဖြစ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ- မူဆယ်ဒေသခံတဦး
#voiceofmyanmar #VOM #မူဆယ် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW