မြိုင်မြို့နယ်မှာ ၁ လ အတွင်း ရေနံလက်ယက်တွင်း ၃ ရာကျော် မီးရှို့ဖျက်ဆီးခံရလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ လုပ်လက်မဲ့ဖြစ်လာ

ဇူလိုင် ၊ ၂၇ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် မြောက်ပိုင်း မှာရှိတဲ့ ရေခါးရေနံမှော်နဲ့ ကျောက်ခွက်ရေနံမှော်က ရေနံလက် ယက်တွင်း ၃ ရာကျော်ဟာ အခုလအတွင်း မီးရှို့ဖျက်ဆီးခံရလို့ ဒေသခံတွေဟာ အလုပ်လက်မဲ့ ဖြစ်လာရတယ်လို့ ဒေသခံ ရေနံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” မြိုင်နယ်မှာက စိုက်ပျိုးမြေရှားတယ် ၊ ဒေသခံအများစုက ရေနံလက်ယက်တွင်း တူးတဲ့သူတွေရှိတယ် ၊ အဲ့ဒီ ရေနံလုပ်ကွက်တွေကို အမှီပြုပြီး အလုပ်သမားလုပ်ကြတယ် ၊ စျေးရောင်းကြတယ် ၊ အခုလို တွင်းတွေ ဖျက်ဆီးခံရပြီး လုပ်ငန်းတွေ ရပ်နားသွားတော့ မြိုင်နယ်ခံတွေအနေနဲ့ စားဝတ်နေရေး ကြပ်တည်းသွားတယ် ၊ အလုပ်လက်မဲ့ လူ ၂ ထောင်ကျော်လောက်ဖြစ်သွားတယ် ” လို့ မြိုင်မြို့နယ် ရေနံလုပ်သား တယောက်က ပြောပါတယ်။

ဒါ့အပြင် အခုလ ၂၄ ရက်နေ့က ရေခါးရွာနားက ရေနံမှော်မှာ ရေနံလက်ယက်တွင်း ၂၃၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ၊ အဲ့ဒီ အပြင် ရေနံတွင်းတူး ပိုက်လုံး ၁၃၅ လုံးနဲ့
ရေနံတွင်းတူး အင်ဂျင်စက် ၁၆၉ လုံးပါ သိမ်းဆီးခံခဲ့ရတယ်လို့ ရေခါး ရေနံလုပ်သား တယောက်က ပြောပါတယ်။

အခုလ ၁၂ ရက်ကလည်း မြိုင်မြို့နယ် ၊ ကျောက်ခွက်ကျေးရွာနားက ကျောက်ခွက် ရေနံမှော်က ရေနံလက်ယက်တွင်း ၁၂၀ ကျော် မီးရှို့ဖျက်ဆီးတာတွေ ဖြစ်ပွားခဲ့ပါတယ်။

ရေနံ လက်ယက်တွင်းတွေကို နယ်မြေရှင်းလင်းရေးအတွက် ရောက်ရှိလာတဲ့ စစ်ကြောင်းအဖွဲ့က မီးရှို့ဖျက်ဆီးတာနဲ့ ပစ္စည်း သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ ရေနံလက်ယက်တွင်း ၃ ကျော် မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ” နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က ရှင်းလင်းတာဖြစ်တယ် ၊ တရားမဝင် တူးဖော်နေတဲ့ တွင်းတွေမိုလို့လုပ်တာဖြစ်တယ် ” လို့ ပြောပါတယ်။

အခု ၁ လအတွင်း ရေနံလက်ယက်တွင်း ၃ ရာကျော် ဖျက်ဆီးခံရတဲ့ ရေနံမှော်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ဆက်တိုက်တူးလာကြတာဖြစ်ပြီး အခုလို မီးရှို့ဖျက်ဆီးခံရတာဟာ ပထမအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြိုင်မြို့နယ် #ရေနံလက်ယက်တွင်းတွေမီးရှို့ဖျက်ဆီး

Related posts

Leave a Comment

VOM News

FREE
VIEW