မြန်အောင်မှာ တနှစ်ကျော်အတွင်း ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ လူနေအိမ် ၉၀ ကျော်ထိ ရှိလာ

ဇူလိုင်၊ ၂၈-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်ထဲမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ခုနှစ် ဇူလိုင် ၂၆ ရက် တနှစ်နဲ့ ၇လအတွင်း ပညာရေးဝန်ထမ်း ၉ ယောက်ရဲ့နေ အိမ်တွေအပါအဝင် လူနေအိမ်တွေ ချိပ်ပိတ်သိမ်းဆည်းခံရတာ နေအိမ်၉၀ကျော်ရှိနေပြီလို့ ဒေသခံတွေဆီကနေသိရပါတယ်။

”ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေက CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်း ကိုပြည်ဖြိုးနဲ့အခြား ၉ ယောက်အိမ်
တွေပါ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတဲ့ ကိုရဲ (ခ)ကိုဝင်းကိုကိုမောင်နဲ့ ကိုဥက္ကာဖြိုးတို့ရဲ့နေအိမ်တွေလည်းပါတယ်၊တနှစ်ကျော် အတွင်းမှာဆိုရင်တော့ ချိပ်ပိတ်ခံရတဲ့နေအိမ်ဟာ ၉၀ ကျော်သွားပါပြီ”လို့ မြန်အောင်မြို့ခံတယောက်ကပြောပါ တယ်။

မြန်အောင်မြို့နယ်ထဲမှာ ချိပ်ပိတ်ခံရတဲ့နေအိမ်တွေဟာ
နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ ၄၂ ယောက်ရဲ့နေအိမ် ၄၂ လုံး၊NLD ပါတီဝင် ၃၂ ယောက်ရဲ့နေအိမ် ၃၂ လုံး၊
ပညာရေးဝန်ထမ်း ၉ ယောက်ရဲ့နေအိမ် ၉ လုံး၊
တရားမဝင်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုသူ ၁၀ ယောက်ရဲ့နေအိမ် ၁၀ လုံးတို့ဖြစ်တယ်လို့ သိရပါတယ်။

”နေအိမ်တွေကို ရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေက လာရောက် ချိပ်ပိတ်သွားတာဖြစ်ပါတယ်၊အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့အညီ ချိပ်ပိတ်တာဖြစ်တယ်လို့ဆိုပြီးတော့ အိမ်တွေမှာကပ်သွားတဲ့ဗီနိုင်းတွေမှာရေးသားထားတာကိုတွေ့ရတယ်”လို့ဒေသခံတဦးကပြောပါတယ်။

နေအိမ်တွေချိပ်ပိတ်သိမ်းဆီးတာနဲ့ပတ်သက်ပြီး
မြန်အောင်မြို့နယ်ကတရားလွှတ်တော်ရှေ့နေတဦးက”
ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ အိမ်တွေတော်တော်များများရှိနေတယ်၊အကြမ်းဖက်မှုဆိုင်ရာတိုက်ဖျက်ရေးဥပဒေအရ စစ်ဆေးပေါ်ပေါက်လို့ ငြိစွန်းနေတဲ့အတွက် နည်းဥပဒေအရသိမ်းဆည်းရတာလို့ဆိုပြီး ချိပ်ပိတ်တာတွေ့ရတယ်၊ဥပဒေကြောင်းအရ ပြန်လည် ခုခံချေပတင်ပြတောင်းယူထားတာရှိတယ်၊ယနေ့အထိတော့ တအိမ်မှ ပြန်မရသေးပါဘူး။”လို့ ပြောပါတယ်။

မြန်အောင်မြို့နယ်ထဲမှာ ချိပ်ပိတ်ခံရတဲ့နေအိမ်တွေဟာ ၂၀၂၂ခုနှစ်အတွင်းမှာ ပိုများတယ်လို့သိရပြီး ချိတ်ပိတ်ခံရတဲ့ နေအိမ်တွေရဲ့ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ဒေသခံတွေအနနဲ့လည်း အဲ့ဒီအိမ်ပိုင်ရှင်တွေ အိမ်ကိုပြန်လည်လာရောက်တဲ့အခါ တွေ့ရင်ချက်ချင်းအကြောင်းကြားပေးရမယ်လို့ မှာထားတာရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြန်အောင် #ချိပ်ပိတ်ခံရတဲ့နေအိမ်၉၀ကျော်

Related posts

Leave a Comment

VOM News

FREE
VIEW