မုံရွာမြို့နယ်မှာ ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦး အပါအဝင် လူ ၄ ဦး သေဆုံး၊ ၁ဦးဒဏ်ရာရ

ဇူလိုင် ၊ ၃၀ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ အလုံတပ်မြို့ ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက ခဝဲကျင်းရွာမှာ မနေ့ ဇူလိုင် ၂၉ ရက် ၊ နေ့လယ်ပိုင်းက စစ်သား ၁ ဦး အပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူး လင်းမယားပါ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဖြစ်တာက နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ဖြစ်တဲ့နေရာက နမခ လေယာဥ်ကွင်းနားက ခဝဲကျင်းရွာမှာ ဖြစ်တယ် ၊ သေဆုံးသူတွေက အမှတ် ၇၂၇ ထပရ တပ်က တပ်သား ထွန်းနိုင်ဝင်း နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် နဲ့ သူ့မိန်းမ ဒေါ်အေးဌေး တို့ ၃ ယောက်ဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

မနေ့က နေ့လယ်ပိုင်းမှာ ခဝဲကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်ရဲ့နေအိမ်ကို အမှတ် ၇၂၇ ထပရ တပ်က တပ်သား ထွန်းနိုင်ဝင်း အလည်ရောက်နေချိန် အမည်မသိ ဆိုင်ကယ်စီး လူတစုရောက်ရှိလာပြီး သေနတ်နဲ့ ပစ်တဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူး လင်မယား ၂ ယောက် အပါအဝင် ၊ စစ်သား ၁ ယောက်ပါ သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုနဲ့ပတ်သက်လို့ မုံရွာမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်ဖို့ စစ်ဆေးနေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဟာ ဘယ်အဖွဲ့က ပြုလုပ်သွားတယ်ဆိုတာကိုတော့ VOM က အတည်မပြုနိုင်သေးပါဘူး။

ဒီကနေ့ ဇူလိုင် ၃၀ ရက် ၊ မနက် ၅ နာရီဝန်းကျင်က မုံရွာမြို့ ၊ နတ်လူထိပ္ပန်ရပ်ကွက် ၊ နယ်မြေ အမှတ် ၁ ၊ စေတီရာလမ်းထိပ်မှာ အကြော်ရောင်းဖို့ ပြင်နေတဲ့ အကြော်သည် မောင်နှမ ၂ ယောက်ကို အမည်မသိသူ ၅ ယောက်က ဝိုင်းဝန်းပစ်ခတ်ရာ အကြော်သည် ဒေါ်အေးမြင့် အသက် ၄၃ နှစ်ဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၉ ချက်ရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အကြော်သည် ဒေါ်အေးမြင့်ရဲ့ အစ်ကိုဖြစ်သူ ဦးညွှန့်မောင်၊ အသက် ၆၈ နှစ်ဟာလည်း ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တာကြောင့် မုံရွာ စစ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW