မန္တလေး ရွှေဘို ကားလမ်းဘေးက လှတောရဲစခန်း မီးရှို့ခံရ

ဇူလိုင် ၊ ၃၁ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြိုနယ် ၊ လှတောကျေးရွာ ၊ မန္တလေး ရွှေဘိုကားလမ်းဘေးမှာရှိတဲ့ လှတောရဲကင်းစခန်းဟာ မနေ့ ဇူလိုင် ၃၀ ရက်ညပိုင်းက မီးရှို့ခံလိုက်ရတာ ဖြစ်တယ်လို့ လှတောဒေသခံတွေဆီက သိရပါတယ်။

” မနေ့က ညပိုင်း ၉ နာရီဝန်းကျင်မှာ အရှို့ခံလိုက်ရတာပါ ၊ ရဲစခန်း မီးမလောင်ခင် သေနတ်ပစ်ခတ်သံတွေလည်း ကြားရသေးတယ် ” လို့ လှတောဒေသခံ တယောက်က ပြောပါတယ်။

” လှတော ရဲကင်းစခန်း မီးရှို့ခံရတာပါ ၊ နေအိမ်လိုင်းခန်းတွေနဲ့ အချုပ်ခန်း အပါအဝင် ရုံးအဆောက်ဦး လောင်သွားတယ် ၊ ပစ်ခတ်မှုရှိခဲ့တယ် ” လို့ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

လှတောရဲကင်းစခန်းဟာ လှတောရွာရဲ့ အစွန်နေရာမှာ ရှိတဲ့အတွက် ဘေးပတ်ဝန်းကျင် လူနေအိမ်တွေ ကူးစက်လောင်ကျွမ်းတာတော့ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အခု မီးရှို့ခံရတယ်ဆိုတဲ့ လှတော ရဲကင်းစခန်းနားက ရွှေတောင် ဆောက်လုပ်ရေး ကုမ္မဏီပိုင် ရေထွက် တိုးလ်ဂိတ်က အဆောက်ဦးတွေ မိုင်းခွဲတိုက်ခိုက် မီးရှို့ဖျက်ဆီးခံရတာ ဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ ဇွန်လကစလို့ အခုနှစ် ဇူလိုင် လကုန်အထိ ၁၃ လအတွင်း စစ်ကိုင်းတိုင်းထဲက ရဲကင်းစခန်းနဲ့ လှုပ်ရှား ရဲကင်းစခန်းပေါင်း ၂၀ ကျော် ဟာ မီးရှို့ဖျက်ဆီးခံရတာတွေဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလို မီးရှို့ခံရတဲ့ မြို့နယ်တွေကတော့ ပုလဲမြို့နယ် ၊ ကန့်ဒေါင့် ရဲကင်းစခန်း အပါအဝင် ၊ ကောလင်း ၊ မြောင် ၊ ထီးချိုင့် ၊ ပင်လည်ဘူး ၊ ကသာ ၊ ဒီပဲယင်း ၊ တန့်ဆည်စတဲ မြို့နယ်တွေထဲက ရဲကင်းစခန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းက မြို့နယ် ၃၇ ခုအနက် မြို့နယ်ပေါင်း ၂၀ ကျော်က ကျေးရွာတွေမှာ လူနေအိမ်တွေနဲ့ အခြားအဆောက်ဦးတွေ မီးရှို့ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #လှတောရဲစခန်းမီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW