တောင်ပြုံးနှင့် ရနောင်

ဆူးငှက်

မြန်မာပြည်မှာကျင်းပတဲ့ နတ်ပွဲတွေထဲမှာ တောင်ပြုန်းပွဲဟာ အကြေ၊ အညာ စုံစုံလင်လင် စည်စည်ကားကား လာရောက်ကြတဲ့ ပွဲပါပဲ။ အနယ်နယ် အရပ်ရပ်က မန္တလေးကို ရောက်လာကြပြီး မန္တလေးကနေ တောင်ပြုန်းကို ကားနဲ့မီးရထားနဲ့ သွားလာကြတယ်။

အရင်ခေတ်တုန်းက တောင်ပြုန်းကို လှေတွေနဲ့ သွားကြတယ်။ မန္တလေးဈေးချိုတော်ရဲ့ အနောက်ဘက်က ကပ်စီးတဲ့ ရွှေတချောင်းမြောင်းကနေ တောင်ပြုန်းအထိ လှေတွေနဲ့ သွားကြတယ်ဆိုရင် အတော်အံ့သြမှာပါပဲ။ ဒီလိုသွားကြတာ ကျွန်တော်တို့တောင်မှ မမီခဲ့ပါဘူး။ ကျွန်တော်တို့ မိဘများခေတ် ဖြစ်မှာပေါ့။

‘နှဲကုပ်သို’လို့ အမည်ရတဲ့ ရွှေတချောင်းမြောင်းဟာ ဘိုးတော်ဘုရားလက်ထက်တည်းက မတ္တရာကနေ အမရပူရနေပြည်တော် တက်သိမ်းအင်းအထိ ဖောက်သွယ်ခဲ့တဲ့ မြောင်းဖြစ်ပါတယ်။ တာပေါင်း ၂၇၀၀ ရှည်သတဲ့။ လယ်တွေကို ရေပေးဝေဖို့အပြင် မတ္တရာနဲ့ အမရပူရနေပြည်တော် ဆက်သွယ် သွားလာရေးအတွက် ရေလမ်းအဖြစ် အသုံးပြုခဲ့တာပေါ့။ ရတနာပုံခေတ်မှာတော့ ရွှေတချောင်းမြောင်း အမည်နဲ့ ရေရှင်ရေကောင်းတွေ စီးဆင်းခဲ့ပြီး မတ္တရာနယ်မှာ လယ် ရေပေးဝေရေးနဲ့ မန္တလေးရွှေမြို့တော်မှာ သုံးရေ ချိုးရေ အတွက်သာမက မတ္တရာနယ်က သစ်သီးသစ်နှံတွေကို မန္တလေးဈေးချိုတော်ဆီ လှေများနှင့်ပို့ဆောင်ဖို့ အသုံးဝင်ခဲ့တယ်။တောင်ပြုန်းပွဲတော် အခါရောက်ရင် လူစည်ကားတဲ့ စျေးချိုတော်ကနေ လှေတွေနဲ့ ဆိုင်းတွေဗုံတွေနဲ့တောင်ပြုန်းပွဲတော်ဆီ ရွှေတချောင်းမြောင်းအတိုင်း သွားကြတာတဲ့။

သီပေါမင်းခေတ်မှာ တောင်ပြုန်းပွဲတော် ကျင်းပတဲ့အခါ ပွဲတော်အုပ်ချုပ်ရေးအတွက် ရနောင်မောင်မောင်တုတ်ကို လွှဲအပ်ထားတာတဲ့။ သိကြတဲ့အတိုင်းပဲ ရနောင်မောင်မောင်တုတ် ဆိုတာက သီပေါဘုရင်ရဲ့ “သူ့ဓားနှင့် မသေစေရ”လို့ အပစားပေးထားရသူပါ။ ဒီတော့ တောင်ပြုန်းပွဲကို ရနောင်မောင်မောင်တုတ်လက် ဝကွက် အပ်ထားတဲ့အခါ ပွဲတော်နဲ့ ပတ်သက်တဲ့ မှုခင်းမှုရာတွေကိုလည်း နေပြည်တော်က လွှတ်ရုံးအဆင့်ဆင့်ဆီ တရားနည်းလမ်းကျစွာ ဥပဒေနဲ့အညီ ဓမ္မသတ် ရာဇသတ်များနဲ့အညီ တက်ရောက်စရာမလိုဘူး။ ရနောင်မောင်မောင်တုတ်ရဲ့ တစ်ဦးတည်းအမိန့်အာဏာနဲ့ သဘောကျ စီရင်စေရတယ်။

တောင်ပြုန်းပွဲ ဆိုတာကလည်း အခုမှမဟုတ်ဘူး။ ရတနာပုံခေတ် ကတည်းက မူးယစ်ရမ်းကား အပျော်ကြူးကြတဲ့ ပွဲလို့ ဆိုတယ်။ ခိုးကြမယ်၊ ဝှက်ကြမယ်။ တိုက်ကြမယ်၊ သတ်ကြမယ်၊ ရိုက်ကြမယ်။ မိန်းကလေးတွေကို ကာယိန္ဒြေိ ပျက်အောင် စော်ကားကြမယ်။ ဒီလိုကိုး…။ ဒီတော့ ပွဲတော်တွင်းအပြစ်ကျူးလွန်သူ မှန်သမျှ အပြစ်ကျူးလွန်သူလို့ ယူဆသူမှန်သမျှ…။ မျက်မုန်းကျိုးသူ မှန်သမျှ…။ အမိန့်အာဏာ ဖီဆန်သူ မှန်သမျှ…။ ထင်ရင် ထင်သလို…၊ မထင်ရင် မထင်သလို ရနောင်မောင်မောင်တုတ်ရဲ့ တစ်ဦးတည်းသဘောနဲ့ တရားစီရင်သတဲ့…။

ရှင်းပါတယ်။”ရနောင့်တရားရုံး”ရဲ့ စီရင်ချက်က တစ်မျိုးတည်းပါပဲ။ ‘သတ်စေ…’ပေါ့။

ဒီတော့ မန္တလေးကနေ တောင်ပြုန်းကို ပွဲတော်လာသူတွေ ဖီး၊ လိမ်း၊ ဝတ်စားပြင်ဆင်ပြီး၊ ဆိုင်းသံဗုံသံ တညံညံနဲ့ပျော်ပျော်ပါးပါး အများဆုံးလာကြတဲ့ လမ်းဖြစ်တဲ့ ရွှေတချောင်းမြောင်းဘောင်မှာ မန္တလေးရွှေမြို့တော်က အထွက်၊ တောင်ပြုန်းပွဲခင်းအထိ မြောင်းဘေးတစ်လျှောက်မှာ ကားစင်တွေ ဆင်ထားသတဲ့…။ အဲဒီကားစင်တွေမှာ ရာဇဝတ်သားလို့ ယူဆသူတိုင်း ကားစင်တင် သတ်တယ်။ သတ်ပြီးရင် သုဿန်လုပ်တိုင်းတွေမှာ ချက်ချင်းမြှုပ်နှံတာ မဟုတ်ဘူး။ ကားစင်ပေါ်မှာပဲ ရင်ကိုခွဲ၊ အတွင်းက ကလီစာတွေနှုတ်၊တော်ရာမြှုပ်ပြီး ကျန်လူသေကောင်ကြီးကို ကားစင်ပေါ်မှာပဲ ခြေကားယား လက်ကားယားနဲ့ ရေနံချေးသုတ်ထားတာ ပွဲတော်ပြီးတဲ့အထိ ဒီအတိုင်းထားသတဲ့။

ဒါကြောင့် တောင်ပြုန်းပွဲလာကြတဲ့ ပွဲတော်လာတွေထဲက မိန်းမပျို၊ မိန်းမအိုတွေ၊ အသည်းငယ်တဲ့ယောက်ျားသားတွေဟာ မန္တလေးရွှေမြို့တော် အိုးဘိုရပ် လွန်တာနဲ့ ရွှေတချောင်းမြောင်းအတိုင်း ခပ်လှမ်းလှမ်းက ကားစင်ကြီးတွေ ရိုးတိုးရိပ်တိတ် အမြင်မှာတင် လှေဝမ်းမှာမှောက်ပြီး မျက်နှာဝှက်ကြ ဆိုသကိုး…။ ပွဲတော်လာသူတွေ ရနောင်ရဲ့ အမိန့်အာဏာကို မဖီဆန်ရဲအောင် ကြိုပြီး သတိပေးတဲ့ သဘောပေါ့…။

တောင်ပြုန်းပွဲတော်ရက်အတွင်းဖြစ်ပွားတဲ့ အမှုအခင်းကို ချုပ်ရင်ချုပ်၊ သတ်ရင်သတ်၊ လွှတ်ရင်လွှတ်၊ ပွဲတော်အတွင်းမှာပဲ အပြီးစီရင်ရတာတဲ့။ အဲဒီ အမှုအခင်းကို ဒီ့ပြင်ရုံးအထိ သယ်ယူ မလာရဘူးတဲ့။ တောင်ပြုန်းပွဲအတွင်းပဲ အပြတ်စီရင်…၊ ဒီလိုကိုး…။ ဒါကို ‘တောင်ပြုန်းတရား’လို့ခါ်သတဲ့။
ဒီအစဉ်အလာကြောင့် နောက်ပိုင်းမှာ အမှုအခင်းတစ်ခုခုကို တရားနည်းလမ်းအရ သက်သေသက္ကာရနဲ့ဥပဒေကြောင်းအရ စစ်ဆေး၊ရှေ့နေရှေ့ရပ်နဲ့လျှောက်လဲ၊ ခုံရုံးအဆင့်ဆင့်နဲ့ ဥပဒေကြောင်းအရတရားနည်းလမ်းကျစွာ ဆုံးဖြတ် အပြစ်မပေးဘဲ တစ်ဦးတစ်ယောက် တစ်ဖွဲ့ရဲ့ အာဏာနဲ့၊ လုပ်ပိုင်ခွင့်နဲ့ မျက်စိစုံမှိတ်ပြီး တစ်ချက်လွှတ်အမိန့်ချ အပြစ်ပေးရင် ‘တောင်ပြုန်းတရားစီရင်တယ်’လို့ ပြောစမှတ်ရှိကြတယ်။

‘တောင်ပြုန်းတရား’ဆိုတာ ရေမြေလိုက်တာ နေမှာပေါ့…။ တရုတ်ပြည်က အနော်ရထာမင်း ပြန်အလာ၊ တောင်ပြုန်းရပ်မှာ စစ်နားတုန်း ဆုတောင်းပြည့်စေတီ တည်တယ် မဟုတ်လား။ ပြည်သူပြည်သား၊မင်းမှုထမ်းတွေနဲ့ တစ်ဦးချင်းစီ လုပ်အားနဲ့ စေတီတည်တော့ ကလေးအရွယ် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ အပျော်မက်ပြီး စေတီတော်မှာ လုပ်အားဒါန မပါနိုင်ဘဲ အုတ် ၂ ချပ် လပ်ရော မဟုတ်လား…။ ဒီအပြစ်အတွက် ဘုရင်က မြေတော် ရွှေဖျဉ်းကြီး၊ရွှေဖျဉ်းလေး ညီနောင်ကို ရွှေကြိမ်လုံးနဲ့ ဆုံးမလိုက်ပါဆိုတာကို မင်းအလိုလိုက် မင်းကြိုက်လိုက်ရုံမကသည်းသည်းလှုပ်တွေက လွန်ကြိုးနဲ့ တုပ်ပြီး ဝါးရင်းတုတ်နဲ့ရိုက်သတ်လိုက်တာ မဟုတ်လား…။

ဒီအစဉ်အလာ ဒီရေခံမြေခံကြောင့် ထင်ပါရဲ့ သီပေါမင်းလက်ထက်၊ ရနောင်မောင်မောင်တုတ်လက်ထက် တောင်ပြုန်းပွဲတော်ကို ‘ကွက်အပ်ထားချိန် ရာဇဝင် တွင်လောက်တဲ့ တောင်ပြုန်းတရား’ဆိုတာ ပြောစမှတ်ဖြစ်ခဲ့ကြရတာပါပဲ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW