အောင်ဆန်းကွင်းကနေ ပစ္စည်းပို့တာ ထုတ်တာတွေကို ရက်အကန့်အသတ်မရှိ ပိတ်

ဩဂုတ် ၄-၂၀၂၂
KK+GG(VOM)

ရန်ကုန်မြို့၊ အောင်ဆန်းကွင်းက ကားဂိတ်တွေအနေနဲ့ ပစ္စည်းပို့တာ ထုတ်တာတွေအကုန်လုံး မနက်ဖြန် ဩဂုတ်လ၅ရက်ကစပြီး ရက်အကန့်အသတ်မရှိ သက်ဆိုင်ရာကပိတ်ခိုင်းထားတယ်လို့ အဝေးပြေးကားဂိတ်တွေဆီက သိရပါတယ်။

” ဒီနေ့ကလည်း အပို့မမီတော့ဘူး ။ မနက်ဖြန်ကစပြီး ပစ္စည်းပို့လို့မရတော့ဘူး ။ တခြားနေရာတွေရပါတယ်။ ဘယ်လောက်ပိတ်မယ် ဘယ်တော့ပြန်ဖွင့်မယ်တော့မသိဘူး ။ အဲ့ဒါတွေ မပြောဘူး ။ ကြားတာတော့ လုံခြုံရေးအရလို့လည်း ပြောတာကြားရတယ် အတိကျတော့ ကျနော်တို့ မသိရသေးဘူး”လို့ အောင်ဆန်းကွင်းကားဂိတ်က အဝေးပြေးယာဥ်လိုင်းတခုရဲ့ တာဝန်ကျသူတဦးကပြောပါတယ်။

ကားဂိတ်တာဝန်ရှိသူတွေကတော့ ပစ္စည်းပို့တာ ထုတ်တာတွေ အမြန်ဆုံးပြန်လည်လုပ်ခွင့်ရဖို့အတွက် အသနားခံစာတင်ပြထားပြီး ကျန်တဲ့ အောင်မင်္ဂလာအဝေးပြေးကွင်းမှာတော့ ပစ္စည်းပို့လို့ရတယ်လို့ ပြောပါတယ်။

“ပစ္စည်းကတော့ ပို့လည်းမရဘူး။ထုတ်လည်းမရဘူး ။ ဆိုင်ခန်းတွေရွှေ့ရမယ်လို့လည်း ပြောတာကြားရတယ် ။ အောင်ဆန်းကွင်းက ပို့မရတော့ ပစ္စည်းတွေပို့ရတာ အခက်အခဲတွေဖြစ်ကုန်တာပေါ့။ခရီးစရိတိတ်တွေ ၂ ဆလောက်ဖြစ်ကုန်မှာ”လို့ အွန်လိုင်းရှော့ပင်းလုပ်ကိုင်သူတဦးကပြောပါတယ်။

ဒါ့အပြင် အင်းစိန်မြို့နယ်၊စဉ့်ငူရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ၄၀ မမဗုံးပစ်လောင်ချာတစ်လက်၊ ပစ္စတို ၁လက်၊ လက်ပစ်ဗုံး ၃လုံး၊ PVC ပိုက်နဲ့လုပ်ထားတဲ့ လက်လုပ်ဗုံး ၄လုံးအပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကနေ သိရပါတယ်။

“သူက အောင်ဆန်းကွင်းမှာ အလုပ်လုပ်တာ၊ ပြီးတော့ လက်နက်တွေ သယ်နေတယ်လို့လည်း ကြားတယ်၊ အဲ့ဒါကြောင့်ပိတ်တာလားတော့ မသိဘူး”လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။

အဲ့ဒီအမျိုးသမီးဖမ်းဆီးခံရပြီးနောက် အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက် ရွာသစ် ၄လမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက အုပ်ချုပ်ရေးမှုးတဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်​နေ့ကလည်း အောင်ဆန်းကွင်းဂိတ်ကနေ ပစ္စည်းပို့တာ ထုတ်တာတွေကို ယာယီပိတ်ခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အောင်ဆန်းကွင်း

Related posts

Leave a Comment

VOM News

FREE
VIEW