ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး ဒေသခံတွေ ဆန်ဝယ်ယူရဖို့ ခက်ခဲနေ

သြဂုတ် ၊ ၄ ၊ ၂၀၂၂
SP (VOM)

ချင်းပြည်နယ် တောင်ပိုင်း ၊ ရခိုင်ပြည်နယ် အစပ်က ပလက်ဝမြို့နယ်မှာ AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေက ဆန်ဝယ်ယူတဲ့အခါ လိုသလောက် ဝယ်ယူမရတာကြောင့် အခက်တွေ့နေရတယ်လို့ ပလက်ဝဒေသခံတွေဆီက သိရပါတယ်။

” ဒီလ ၁ ရက်ကစပြီး နှမဒါရွာနဲ့ လယ်လှသူဌေးကုန်းရွာကြားမှာ တိုက်ပွဲတွေဖြစ်နေတယ် ၊ မနေ့ကအထိ ပစ်ခတ်နေတုန်းပါ ၊ တိုက်ပွဲရက် ကြာလာတာကြောင့် ဆန်ဝယ်သွားတဲ့အခါ ဆန်းက လိုသလောက် ဝယ်လို့ မရဘူး ၊ တခြား စားသောက်ကုန်တွေလည်း အလုအယက်ဝယ်ကျတော့ ပြတ်သလောက်ဖြစ်နေတယ်”လို့ ပလက်ဝ ဒေသခံတယောက်က ပြောပါတယ်။

ပလက်ဝနယ်မှာ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာတဲ့အတွက် အခုလ ၁ ရက်နေ့ကစပြီး ဒေသခံတွေဟာ ဆန်တွေ ဝယ်ယူစုဆောင်းနေတာ ဖြစ်ပါတယ်။

အဲ့ဒီလို ဆန်တွေ ဝယ်ယူစုဆောင်းနေတာနဲ့ ပတ်သက်လို့ ပလက်ဝ ဒေသခံ တယောက်က ” ပလက်ဝအနေနဲ့ ကုန်သွယ်ရေးလမ်းက ရခိုင်ဘက်ကို အားထားရတယ် ၊ ၂၀၁၇ ၊ ၁၈ ၊ ၁၉ တုန်းကတိုက်ပွဲ အတွေ့အကြုံတွေကို ယူပြီး ပလက်ဝ ဒေသခံတွေက ဆန်နဲ့ စားသုံးကုန်တွေကို အဓိကထား ဝယ်ယူစုဆောင်းနေကြတာ “လို့ ပြောပါတယ်။

ဒါ့အပြင် ပလက်ဝမြို့နယ် စားသုံးသူရေးရာ အဖွဲ့က ဆန် ၁ အိတ်ကို ၆ သောင်းခွဲအထက် စျေးပိုမရောင်းရလို့ ဒေသန္တရအမိန့်ထုတ်ပြန်ထားပါတယ်။

အဲ့ဒါကြောင့် မနေ့ သြဂုတ် ၃ ရက်နေ့အထိ ပလက်ဝရဲ့ ဆန်စျေးနူန်းဟာ ၆ သောင်းခွဲဝန်းကျင်မှာ စျေးနူန်းပေါက်နေပေမယ့် လိုသလောက် ဝယ်ယူမရတာကြောင့် ဒေသခံတွေ အခက်တွေ့နေရတာ ဖြစ်ပါတယ်။

ပလက်ဝမြို့နယ်မှာ ဇူလိုင်လကုန်ပိုင်းစလို့ အခြေခံစားသောက်ကုန် စျေးနူန်းတွေမြင့်တက်လာပြီး လိုသလောက် ဝယ်ယူမရတဲ့ အခြေအနေတွေ အပြင် စက်သုံးဆီ စျေးနူန်းကျဆင်းတာတွေ မရှိသေးတဲ့အတွက် လျှပ်စစ်ဓာတ်အား ရရှိမှုဟာလည်း အဆင်မပြေဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ပလက်၀

Related posts

Leave a Comment

VOM News

FREE
VIEW