ရခိုင်ဒေသခံတွေ မြေမြုပ်မိုင်းကြောင့် လစဥ် သေဆုံး၊ဒဏ်ရာရသူတွေရှိနေ

ဩဂုတ် ၅- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်အတွင်းမှာ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် လစဥ်ဆိုသလို ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူတွေရှိလာနေတယ်လို့ သိရပါတယ်။

အဲဒီလို မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားတာကြောင့် ဒေသခံလက်လုပ်လက်စားတွေဟာ ဝမ်းစာရှာဖွေရေး အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် မင်းရွာကျေးရွာမှဒေသခံတဦး ဒီကနေ့ မနက် ၇ နာရီကျော်လောက်က ထင်းရှာသွားချိန် မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်းဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“မိုင်းနင်းမိပြီး ပြင်းထန်းဒဏ်ရာရရှိသူဟာ မင်းပြားမြို့နယ်၊ မင်းရွာကျေးရွာက အသက် (၆၀)ကျော် ဦးရွှေစိန်အောင် ဖြစ်တယ်၊ ဒူးအောက်ပိုင်းကနေ ပြတ်ထွက်သွားတာ ဝမ်းဗိုက်နဲ့ ခန္ဓာကိုယ်တွေမှာလည်း မိုင်းစမှန်တဲ့ဒဏ်ရာတွေရရှိသွားတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

မိုင်းပေါက်ကွဲတဲ့နေရာဟာ ရွာနဲ့ (၁)မိုင်လောက်ကွာဝေးကာ ရွာရဲ့အရှေ့ဖက် တောင်တန်းဆည်မြောင်းတွင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူ ဦးရွှေစိန်အောင်ဟာ မင်းပြားမြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မင်းပြား၊ မင်းရွာဒေသခံ ကိုကျော်ထူးအောင်က “ဒီလိုမျိုးဖြစ်သွားခဲ့တဲ့အပေါ်မှာတော့ စိတ်မကောင်းဘူးပေါ့နော် ဘယ်သူပဲဖြစ်ဖြစ် ဒီလိုဖြစ်သွားတော့ ခံစားရပါတယ်။”လို့ ပြောပါတယ်။

အဲဒီလို ကျေးရွာပတ်ဝန်းကျင်မှာ မိုင်းပေါက်ကွဲမှုတွေ နောက်ထပ်ဖြစ်မှာကို စိုးရိမ်ပြီး ရွာကဒေသခံအများစုဟာ မရှိဆင်းရဲသားတွေ ဖြစ်ကြတာကြောင့် တောတောင်တွေကိုမှီခိုကာ စားဝတ်နေရေးအခက်အခဲတွေကို ဖြေရှင်းနေရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းတွေကလည်း ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ်တွေမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကျောက်တော်မြို့နယ်ဒေသခံ ၂ ဦးသေဆုံးကာ အခြားမြို့နယ်တွေကတော့ ဒဏ်ရာရသူ ၅ ဦးအထိ ရှိခဲ့ပါတယ်။

ဒဏ်ရာရတဲ့ထဲမှာတော့ ဇူလိုင် ၈ ရက်နေ့က မြောက်ဦးမြို့နယ်မှာ နွားကျောင်းနေတဲ့ ကလေးငယ် ၄ ဦး မြေမြုပ်မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး မင်းပြားမြို့နယ်က ချင်းလူမျိုး ဒေသခံတဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ မြေမြုပ်မိုင်းတွေ အခါအားလျော်စွာပေါက်ကွဲနေတာကြောင့် ဒေသခံပြည်သူတွေကြား တောတောင်တွေကို ဟင်းရှာ၊ ထင်းခုတ်သွားတဲ့အခါ စိုးရိမ်စိတ်မကင်းဘဲ အကြောက်တရားနဲ့ သွားလာနေရတယ်လို့ ပြောဆိုလာကြပါတယ်။

မင်းပြားမြို့နယ်၊ မင်းရွာဒေသခံ ကိုကျော်ထူးအောင် ဆက်ပြောတာက ” ဒီလိုမျိုး မိုင်းပေါက်ကွဲတာတွေရှိပေမယ့်လည်း စားဝတ်နေရေးအတွက် သွားရတာပါပဲ။ အခုအခြေအနေက တောတောင်ကိုတက်ရင် မိုင်းအန္တရာယ်ကို ကြောက်နေရတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လကလည်း မြေမြုပ်မိုင်းပေါက်ကွဲမှုတွေရှိခဲ့ပြီး သေဆုံး၊ဒဏ်ရာရရှိသူ ၁၀ ဦးနဲ့အထက်ရှိခဲ့ပါတယ်။

အဲဒီလို သေဆုံးဒဏ်ရာရတဲ့ထဲမှာ ပြည်နယ်တွင်းက ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ အမ်းနဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့မြို့နယ်တွေက ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင်ပြည်နယ် #မြေမြုပ်မိုင်းအန္တရာယ်

Related posts

Leave a Comment

VOM News

FREE
VIEW