ပို့ကုန်ရငွေ ရဲ့ ၃၅ ရာခိုင်နူန်းကို လုပ်ငန်းရှင်တွေ ကြိုက်ရာသုံးစွဲခွင့် ဗဟိုဘဏ်က ပြန်ခွင့်ပြုပြန်

ဩဂုတ် ၆-၂၀၂၂
GG(VOM)

ပို့ကုန်ရငွေ ဒေါ်လာကို ရာနူန်းပြည့် မြန်မာကျပ်ငွေလဲလှယ်စရာမလိုတော့ဘဲ ၆၅ ရာခိုင်နူန်းသာ လဲလှယ်ဖို့ ဗဟိုဘဏ်က မနေ့က ဩဂုတ် ၅ ရက်နေ့မှာ တရားဝင် ပြောင်းလဲသတ်မှတ်ပေးလိုက်ပါတယ်။

ကျန်တဲ့ နိုင်ငံခြားသုံးငွေ ၃၅ ရာခိုင်နူန်းကို ပိုကုန်လုပ်ငန်းရှင်တွေအနေနဲ့ လိုအပ်တဲ့နေရာတွေအတွက် သုံးစွဲခွင့် ရှိကြောင်း ၊ ပို့ကုန်လုပ်ငန်းရှင်တွေအတွက် ဖြေလျှော့မှု လုပ်ပေးလိုက်တာဖြစ်တယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကပြောပါတယ်။

“ဖြေလျှော့လိုက်တာပေါ့၊အရင်ကမူဝါဒတခုအရ လိုအပ်ချက်အရ၁၀၀ ရာခိုင်နူန်းကို ဘဏ်ကိုရောင်း ခိုင်းတာ။အခုကတော့ ၃၅ ရာခိုင်နူန်းကို သုံးစွဲခွင့်ပေးလိုက်တာပေါ့။ တခြားသော sector တွေမှာလိုအပ်တာတွေသုံးခွင့်ရဖို့အတွက် ပေးလိုက်တာပေါ့ဆိုလိုတာကတော့ ဖြေလျှော့မှုပေးလိုက်တာပေါ့။ ” လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကပြောပါတယ်။

အခုလို ဗဟိုဘဏ်က ပို့ကုန်ရငွေတွေကို ၆၅ ရာခိုင်နူန်းသာ လဲလှယ်ခိုင်းပြီး ၃၅ ရာခိုင်နူန်းကို ပို့ကုန်လုငန်းရှင်ရဲ့နိုင်ငံခြားငွေစာရင်းထဲကိုင်ခွင့်ပြုပြီး သုံးခွင့်ပေးလိုက်တာဟာ ပို့ကုန်သမားတွေအတွက် အရင်ကထက်ပိုအဆင်ပြေကြောင်း ၊ အရင်ကထက် လုပ်ရကိုင်ရ ပိုကောင်းလာနိုင်ဖွယ်ရှိတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တဦးကပြောပါတယ်။

“အခုလို ၆၅ ရာခိုင်နူန်းကို ဗမာငွေ ၂၁၀၀ နဲ့ရှင်းပေးမယ် ၊ ကျန်တဲ့ ၃၅ ရာခိုင်နူန်းကို မိမိနိုင်ငံခြားငွေစာရင်းထဲမှာပဲ လွတ်လပ်စွာသုံးစွဲခွင့်ပြုတယ်ဆိုတဲ့ပုံစံနဲ့ထုတ်ပြန်လိုက်တော့ သွင်းကုန် ပို့ကုန်လုပ်သူတွေအတွက် အရင် ၁၈၅၀ ထက်တော့ ပိုတိုးတက်ကောင်းမွန်လာတယ်လို့ပြောချင်တယ် “လို့ မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌဦးမင်းသိန်းက ပြောပါတယ်။

အရင်က ၁ဒေါ်လာကို ၁၈၅၀ နူန်း သတ်မှတ်ပြီး ပြည်ပပို့ကုန်သမားတွေရဲ့ပို့ကုန်ငွေ အားလုံးကို ဗဟိုဘဏ်က မြန်မာငွေလဲလှယ်ဖို့ သတ်မှတ်ခဲ့တာကြောင့် ပြည်ပပို့ကုန်လုပ်ငန်းတွေ ရပ်တန့်လုနီးပါးဖြစ်သွားခဲ့ရတယ်လို့ သိရပါတယ်။

ပဲ၊ပြောင်း၊ နှမ်း ၊ မြေပဲကို နယ်စပ်ကနေတင်ပို့မှုကို ဒေါ်လာနဲ့သာဆောင်ရွက်ဖို့ သတ်မှတ်ထားသလို ကုန်ဖိုးကြိုငွေပေးသွင်းပြီး Advanced TT စနစ်နဲ့သာခွင့်ပြုဖို့ နဲ့ ငွေဝင်လာကြောင်းအထောက်အထားတင်ပြနိုင်မှသာ ပို့ကုန်ကြော်ငြာလွှာ ထုတ်ပေးဖို့ ဗဟိုဘဏ်က ဇူလိူင်လ ၂၈ ရက်နေ့ရက်စွဲနဲ့ အသိပေးထားတာလည်း ရှိပါတယ်။

အရင်ကတော့ ပို့ကုန်ရငွေဟာ နယ်စပ်ဂိတ်ကနေ ပို့ကုန်ပစ္စည်းတွေတင်ပို့ပြီးနောက် ၄၅ ရက်အတွင်း ပြည်တွင်းဘဏ်ဆီကို မဖြစ်မနေ ဝင်ရောက်ရမှာဖြစ်​ပြီး နယ်စပ်ကုန်သွယ်မှုကနေရတဲ့ ပို့ကုန်ရငွေကို ဗဟိုဘဏ် သတ်မှတ်စျေးနဲ့ ဘဏ်ကိုရောင်းချရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပို့ကုန်ရငွေ #ဗဟိုဘဏ်

Related posts

Leave a Comment

VOM News

FREE
VIEW