မြန်အောင်မှာ ဘုန်းကြီးကျောင်းမီးလောင်ပြီး ကိုရင် ၂ပါးနဲ့ ကလေး ၂ ယောက် မီးလောင်သေဆုံး

ဩဂုတ် ၆-၂၀၂၂
VOM (GG)

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ရေတွင်းကုန်းကျေးရွာက ရေတွင်းကုန်းဘုန်းကြီးကျောင်း နှစ်ထပ်ကျောင်းဆောင်ဟာ ဒီကနေ့ ဩဂုတ် ၆ ရက် မနက်အစော ၁ နာရီလောက်က မီးလောင်မှုဖြစ်ပွားကာ ကိုရင် ၂ ပါးနဲ့ ကလေး ၂ ယောက် မီးလောင်သေဆုံးခဲ့တယ်လို့ မြန်အောင်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

မီးလောင်မှုကြောင့် သေဆုံးခဲ့တာက အသက် ၁၃ နှစ်အရွယ် အရှင်ပညာဘိဝေ၊ အသက် ၁၁ နှစ်အရွယ် အရှင်ဇဝန နဲ့ အသက် ၁၇ နှစ်အရွယ် မောင်ကျော်ကျော် နဲ့ မောင်မိုးသက်နိုင် အသက် ၅နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။

” မီး စတင်လောင်တာက ၁၂ နာရီ ၅၀ ပါ။ သတင်းရတာက ၁ နာရီ ၊ မီးထိန်းနိုင်တဲ့အချိန်က ၁ နာရီ ၁၅ မိနစ် ၊ လုံးဝငြိမ်းတဲ့အချိန်က ၁နာရီ ၂၀ လောက်ပါ။Level 1 သတ်မှတ်ပါတယ်။သေတာကတော့ ကိုရင် ၂ပါး ၊လူ၂ ယောက်ပါ”လို့ မြန်အောင်မီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

မီးလောင်မှုကြောင့် ပျံလွန်တော်မူခဲ့တဲ့ ကိုရင်၃ပါးနဲ့ ကလေး ၂ ဦးကို သက်ဆိုင်ရာဆရာဝန်ကြီးရဲ့ဆေးစစ်ချက်ရယူပြီး ချက်ခြင်းသင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုမှာ အလျား ပေ ၈၀၊ အနံ ပေ ၅၀ သွပ်မိုး၊ ပျဉ်ကာ နှစ်ထပ်ကျောင်းဆောင်အတွင်း ရေတင်တဲ့ မော်တာအပူလွန်ကဲရာမှ အနီးရှိ မီးစက်နဲ့ ပလတ်စတစ်ထိုင်ခုံကို မီးကူးစက်ရာကနေ မီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဆုံးရှုံးမှုတန်ဖိုးက သိန်း ၃၀ ဖြစ်တယ်လို့ သိရပါတယ်။

ကျောင်း မီးလောင်ပြီး လူသေဆုံးမှုတွေနဲ့ပတ်သက်လို့ ရေတွင်းကုန်းကျောင်း ဆရာတော် ဦးသုစိတ္တကို ကနောင်နယ်မြေရဲစခန်းက ပုဒ်မ ၂၈၅/၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မြန်အောင် #ဘုန်းကြီးကျောင်းမီးလောင် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW