ရန်ကုန်က မြို့နယ်အချို့မှာ ဗုံးပေါက်၊ပစ်ခတ်မှုဖြစ် ပြီး ရာအိမ်မှူး ၁ဦးသေ၊ ၁ဦးဒဏ်ရာရ

သြဂုတ် ၈-၂၀၂၂
KK(VOM)

ရန်ကုန်က မြို့နယ်အချို့မှာ ဒီကနေ့ ဗုံးသုံးကြိမ်ပေါက်ပြီး ပစ်ခတ်မှုတွေဖြစ်လို့ ရာအိမ်မှုး၁ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။

တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ ညနေပိုင်းက ရာအိမ်မှူး ၁ဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ရုံးကသော့ခတ်ထားတာ အပြင်ကနေ ဧည့်စာရင်းလာတိုင်တဲ့ ပုံစံနဲ့ပစ်သွားတာ ပွဲချင်းပြီးပဲ၊ အခုတော့စစ်တပ်က ရောက်နေပြီ”လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူဟာ ကျောက်မြောင်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှုးဦးကျော်မင်းဟန်ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

သာကေတမြို့နယ် ၁၀/တောင် (၁၁) ရပ်ကွက်၊အမက (၃၂) အနီး ရတနာလမ်းဘေးမှာလည်း ဒီကနေ့ မနက် ၈နာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ လမ်းသွားလမ်းလာ အမျိုးသားတဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဗုံးစမှန်တာပါ ဒဏ်ရာကအနည်းငယ်ပဲရတယ် အဲ့ဒီနားမှာပဲ မပေါက်သေးတဲ့ ဗုံးထပ်တွေ့သေးတယ်”လို့ သူကပြောပါတယ်။

အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သိမ်ချောင်းလမ်းဆုံမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ် (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ သြဂုတ် ၁ ရက်ကနေ ၇ ရက်အတွင်း အုပ်ချုပ်ရေးအဖွဲ့၀င်တွေ ပစ်ခတ်ခံရလို့ ၇ ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW