ဟင်္သာတမှာ ၇လကျော်အတွင်း ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ လူနေအိမ် ၃ဒါဇင်ကျော်အထိရှိလာ

သြဂုတ် ၈၊၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်ထဲမှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလကနေ မနေ့ သြဂုတ်လ ၇ ရက်အထိ ၇ လကျော်အတွင်း NLDလွှတ်တော်အမတ် နေအိမ်အပါအဝင် နေအိမ်လုံး ၃ဒါဇင်ကျော်ချိပ်ပိတ်သိမ်း ဆည်းခံထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

”တမြို့လုံးမှာချိပ်ပိတ်ခံရတဲ့ နေအိမ်တွေက မနည်းတော့ပါဘူး၊ချိပ်ပိတ်ခံရတဲ့နေအိမ်တွေက NLD လွှတ်တော်အမတ်ရဲ့နေအိမ်နဲ့ ပညာရေးဝန်ထမ်း တွေရဲ့နေအိမ်တွေအများဆုံးပါဝင်တယ်၊ ၇ လကျော်ကျော်အတွင်းမှာ ချိပ်ပိတ်ခံရတဲ့ နေအိမ်အလုံး ၃၀ ကျော်သွားပြီ၊ ရဲတွေရယ်စစ်သားတွေရယ်အရပ်ဝတ်နဲ့လူအချို့ရယ် သေနတ်တွေကိုင်ပြီး နိုင်ငံတော်ပိုင်သိမ်းတယ်လို့ ရေးထားတဲ့ ဗီနိုင်းကြီးကပ်သွားပြီးချိပ်ပိတ်သွားတာပါ။” လို့ ဟင်္သာတမြို့ခံတက်ကြွလှုပ်ရှားသူတွေနဲ့နီးစပ်သူတယောက်ကပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့နေအိမ်တွေဟာ ဟင်္သာတမြို့ပေါ် တာကလေးရပ်ကွက်၊ ဗာဂျီးနီးယား ၅ လမ်းမှာရှိတဲ့ NLD ပါတီရဲ့တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းရဲ့နေအိမ်နဲ့ ဗာဂျီးနီးယား ၆ လမ်းမှာရှိတဲ့ NLD တာကလေးရပ်ကွက် ဥက္ကဋ္ဌ ဦးမောင်ဆန်းတို့ရဲ့နေအိမ် ၂ လုံးအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၉ ဦးယောက်ရဲ့နေအိမ် ၁၉ လုံး၊ပညာရေးဝန်ထမ်း ၁၁ ယောက်ရဲ့နေအိမ် ၁၁ လုံး၊တရားမဝင်အဖွဲ့အစည်းတွေ နဲ့ပတ်သက်မှုရှိတဲ့ ဆိုသူ ၆ ယောက်ရဲ့နေအိမ် ၆ လုံးချိပ်ပိတ်ခံရတဲ့ နေအိမ် ပေါင်း ၃၈ လုံးအထိရှိလာပြီ ၃ ဒါဇင်ကျော်အထိရှိလာပြီ လို့သိရပါတယ်။

”နေအိမ်တွေချိပ်ပိတ်ခံရတာအကြောင်းအရင်းရှိပါတယ်၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ပတ်သက်ဆက်နွယ်နေလို့ ချိပ်ပိတ်ခံရတာပါ၊ဒါ့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့နဲ့အခြားအဖွဲ့တွေက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့အညီ ချိပ်ပိတ်တာဖြစ်တယ်၊အစိုးရဘက်ကလည်း ကြီးလေးတဲ့ပြစ်ဒဏ် မကျူးလွန်ရင် ပြန်ခေါ်နေတာမို့ ကိုယ့်အိမ်ကို ပြန်နေရဖို့ဆိုရင် လက်ရှိအစိုးရရဲ့ဖ်ိတ်ခေါ်ချက်တွေကို လက်ခံပူးပေါင်းဖို့တိုက်တွန်းချင်တယ်။”လို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတယောက်ကပြောပါတယ်။

ဧရာဝတီတိုင်းထဲက ဟင်္သာတမြို့နယ်အပြင် မအူပင်၊ ကြံခင်း၊မြန်အောင်၊ဘိုကလေး၊မြောင်းမြ၊ဇလွန်ညောင်တုန်း၊ဝါးခယ်မစတဲ့မြို့တွေကတတ်ကြွလှုပ်ရှားသူတွေ၊ပရဟိတအဖွဲ့တွေ၊NLD ပါတီဝင်တွေ၊ NLD ပါတီရဲ့ လွှတ်တော်ကိုစားလှယ်တွေ၊ပညာရေးဝန်ထမ်းတွေရဲ့နေအိမ်တွေလည်း ချိတ်ပိတ်သိမ်းဆည်းခံရတာတွေရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟင်္သာတ

Related posts

Leave a Comment

VOM News

FREE
VIEW