စစ်ကိုင်းတိုင်းမှာ ၈ လအတွင်း ရွာပေါင်း ၁ ရာကျော် မီးရှို့ဖျက်ဆီးခံရပြီးဖြစ်

သြဂုတ် ၊ ၉ ၊ ၂၀၂၂
SP( VOM)

ဒီနှစ် ဇန္နဝါရီကနေ သြဂုတ် ၉ ရက်အထိ ၈ လအတွင်း စစ်ကိုင်းတိုင်းထဲမှာ ကျေးရွာပေါင်း ၁ ရာကျော် မီးရှို့ဖျက်ဆီးရခံပြီး မီးလောင်ပြင်တချို့မှာ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” ရွာပေါင်း ၁ ရာကျော် မီးရှို့ဖျက်ဆီးခံရတယ် ၊ လူနေအိမ်နဲ့ အခြား အဆောက်ဦး ထောင်နဲ့ချီပြီး ဆုံးရှုံးတယ် ၊ လူသေဆုံးမှုဟာလည်း ရာဂဏန်း နီးပါး ရှိနေတာ ” လို့ စစ်ကိုင်းတိုင်း ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ် ။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က လူနေအိမ်နဲ့ အဆောက်ဦး ၁၅၈ လုံး မီးရှို့ခံထားရတဲ့ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ မူးကမ်းကြီးကျေးရွာဟာ မနေ့ သြဂုတ် ၈ ရက်က တကျော့ပြန် မီးရှို့ခံရတဲ့အတွက် နေအိမ်နဲ့ အဆောက်ဦး ၁ ရာကျော် ထပ်မံ မီးလောင်ပျက်ဆီးခဲ့ရပါတယ်။

ဩဂုတ် ၁ ရက်နေ့ နောက်ပိုင်း ၁ ပတ်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေကတော့ ရေဦးမြို့နယ် ၊ တင်းတိန်ရံကျေးရွာမှာ စျေးဆိုင်ခန်း ၂ ရာကျော် ၊ လူနေအိမ် ၁ ရာဝန်းကျင်နဲ့ ဆန်စက် ၃ လုံး အပါအဝင် ကား ၊ ဆိုင်ကယ် ၊ ထွေလာဂျီတွေ အပြင် လယ်ယာလုပ်ငန်းသုံး ပစ္စည်း ပစ္စယတွေ အများအပြား မီးလောင်ပျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် လက်ပံကျင်းရွာ မှာလည်း ဒီ ၁ ပတ်အတွင်း လူနေအိမ် တချို့နဲ့ ကား ၊ ဆိုင်ကယ် တွေအပါအဝင် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အဲ့ဒီနောက် မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ မင်းရွာကြီးမှာ နေအိမ် ၂ ရာကျော်နဲ့ အောင်သာရွာမှာ နေအိမ် ၃၀ ဝန်းကျင်လည်း မီးရှို့ခံခဲ့ရပါတယ်။

ရေဦး ခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ ကိုင်းကံရွာမှာလည်း ဒီရက်ပိုင်းအတွင်း မီးရှို့ခံရတာကြောင့်နေအိမ် နဲ့ အဆောက်ဦး ၁၄၅ လုံး ၊ ဆန်စက် ၁ လုံး ၊ စပါးတင်း ၂၀၀၀ ဝန်းကျင် ၊ လယ်ယာလုပ်ငန်းသုံး ဖော်လန်းကား ၂ စီး ၊ ထော်လာဂျီ ၃ စီး ၊ ရေစုပ်စက် ၁၄ လုံး၊ Hight jet ကား ၁ စီး ၊
Lifan ကား ၁ စီးနဲ့ ဆိုင်ကယ် အစီး ၇၀ ကျော် မီးလောင် ပျက်ဆီးတာ ဖြစ်ခဲ့ပါတယ်။

အလားတူ ကလေးခရိုင် ၊ ကလေးမြို့နယ် ၊ ရာဇဂြိုလ်ကျေးရွာနဲ့ ကလေးမြို့နယ် တောင်ပိုင်းက သာယာကုန်းရွာတွေမှာလည်း မီးလောင်ပျက်ဆီးခဲ့တာတွေဖြစ်ခဲ့ပါတယ်။

အဲ့ဒီ မီးလောင်ပျက်စီး ဆုံးရှုံးတာတွေက အခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တာတွေဖြစ်ပြီး ဒိအရင်က မီးလောင်ပျက်စီးခဲ့ရတဲ့ ရွာတွေလည်း ကျန်ရှိနေပါသေးတယ်။

အဲ့ဒီရွာတွေကတော့ ယင်းမာပင် ခရိုင် ၊ ကနီမြိုနယ်ထဲမှာဆိုရင် ၊ ကင်းအုပ်စု ၊ အထက်ကင်း ၊ ဘုမ္မဇင်းအုပ်စု ၊ ချမ်းသာစု ၊ နတ်ကြီးအုပ်စု ၊ ဝက်​ချောင်းကြီး ၊ ရွာသာ ၊ ဝက်​ချောင်း​လေး ၊ ကဲ​ဒေါင့်အုပ်စု ၊ ကင်း​တောင်အုပ်စု ၊ သရက်​တော ၊ ဆင်စမ်း ၊ လက်ပံစု စတဲ့ ရွာ တွေဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒါတွေအပြင် ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်မှာကတော့ ညောင်ကုန်း ၊ ပလူသာ ၊ မန်ကျည်းကုန်း၊ သရက်တော ၊ တောင်ယာဆိပ် ၊ ဘအင်း ၊ ပေကုန်း ၊ လယ်လှ ၊ ကုက္ကိုလ်ကုန်း စတဲ့ ရွာပေါင်း ၁ ဒါဇင်ကျော်ရှိတယ်လို့ သိရပါတယ်။

ရွှေဘိုခရိုင် ၊ ရွှေဘို​မြို့နယ် နဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ကုလားမ၊ လက်ကောက်ကျ၊ မန်ကျည်းသုံးပင်၊ ပုလဲသွယ်၊ ဆားတောင်ကြီး၊ ခွေးတက်ကြီး၊ စခန်းသာ၊ ရွာသစ်ကုန်း၊ သဲကျွန်း၊ ဂွေးပင်ကုန်း၊ ထနောင်းကိုင်း၊ မခေါက်၊ ရှားကွဲ၊ ထုံးဘိုကုန်း၊ သစ်ဆိမ့်၊ မြင်းကုန်း၊ ငါးကြင်းအိုင်၊ ဟံလင်း၊ ငါးပိအိုး၊ ကံကြီးတော့၊ တကန်သာ၊ ကြိုးကြာ၊ ဇောက်ညမ်းကုန်း၊ ဟင်္သာကြီး၊ ရွှေကျင်၊ မောင်းတပ်၊ ဆည်ကြီး၊ သရက်ပင်ဆိပ်၊ ငါးပတ်ချောင်း၊ မှော်ဦး၊ ရေလည်မော်၊ ကမ်းဖြူ၊ ရွာသာ စတဲ့ ရွာတွေမှာလည်း မီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် မူးမြစ်ဝှမ်းဘက်က ယာယီတိုက်ပွဲရှောင်တွေနဲ့ ပတ်သက်ပြီး ကူညီပေးနေတဲ့ နယ်ခံ စေတနာ့ဝန်ထမ်း တစ်ယောက်က

” ​ရွှေဘိုမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ် အကြား မူးမြစ်ဝှမ်းဘက်က လူနေအိမ်တွေ မီးလောင်တာရှိတယ် ၊ ပေါင်ချိုင်ရွာမှာ နေအိမ် ၁၀၇ လုံး ၊ တည်ပင်ရွာမှာ နေအိမ် ၃ လုံး ၊ သန်းတောရွာမှာ နေအိမ် ၂ လုံး ၊ ရေကြည်ဝရွာမှာ နေအိမ် ၂ လုံးနဲ့ မူးကမ်းကြီးရွာမှာ နေအိမ် ၁၅၈ လုံး မီးလောင်ပျက်စီးတယ် ၊ ရေကြည်ဝရွာမှာ ရွာခံတစ်ယောက် မီးလောင် သေဆုံးတယ် ” လို့ ပြောပါတယ်။

အဲ့ဒီလို ကျေးရွာပေါင်း ၁ ရာကျော် မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ ရုံး တာဝန်ရှိသူ တစ်ယောက်က

” စစ်ကိုင်းတိုင်းမှာ အခုနှစ် ဇန္နဝါရီလကနေ ဧပြီလအထိ ပဋိပက္ခဖြစ်စဥ်ကြောင့် ရွာ
တွေ မီးလောင်ရတဲ့ အကြိမ် အရေအတွက် ၅၁ ကြိမ်ရှိတယ် ၊ မီးဘေးသင့် ဒုက္ခသည် အိမ်ထောင်စု ၇၅၅ စု နဲ့ မီးဘေးသင့် အိုးအိမ်မဲ့ ပြည်သူ ၄၆၁၇ ဦးရှိတယ်
အဲ့ဒီ မီးဘေးကိစ္စကို ကူညီပေးဖို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနက ငွေကျပ် ၁၅၇ ၉၆၄ သန်း ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ် ၁၉၀ ၉၆၄ သန်း ၊ နှစ်ရပ်ပေါင်း ငွေကျပ် ၃၄၈ ၉၄၈ သန်း ဆောင်ရွက်ပြီး ဖြစ်တယ် ” လို့ ပြောပါတယ်။

ISP Myanmar သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဖေဖော်ဝါရီလကနေ အခုနှစ် ဇူလိုင် ၁၅ ရက်အထိ နိုင်ငံတဝှမ်း ပဋိပက္ခဖြစ်စဥ်တွေကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်နဲ့ အဆောက်ဦးပေါင်း ၂၈၄၁၉ လုံးရှိတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
အဲ့ဒီ အရေအတွက်ဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မီးရှို့ဖျက်ဆီးခံရတာနဲ့ လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့တဲ့ အခြေအနေဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲ့ဒီ ပျက်စီးဆုံးရှုံး အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက ၂ သောင်းကျော် ပါဝင်ပြီး ၊ ဒုတိယ အများဆုံးဖြစ်တဲ့ မကွေးတိုင်းကတော့ ၅ ထောင် ၊ ၇ ရာကျော်ရှိပြီး ကျန်အရေအတွက်က ချင်း ၊ ကယား စတဲ့ ပြည်နယ်ဘက်တွေကလို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းထဲက ကျေးရွာ အတော်များများ မီးရှို့ခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်သူတွေက ရှို့တယ်ဆိုတာကိုတော့ VOM က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #လူနေအိမ်တွေမီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW