ဧရာဝတီတိုင်းမှာ စက်သုံးဆီပြတ်လပ်နေလို့ ဆီအရောင်းဆိုင် ၅၀နီးပါး အရောင်းရပ်ထားရ

သြဂုတ် ၁၄-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းမှာ စက်သုံးဆီ ဒီဇယ်နဲ့ဓာတ်ဆီတွေ ပြတ်လပ်မှုကြောင့် ဆီဆိုင် ၄၇ ဆိုင် အရောင်းရပ်ဆိုင်းထားလိုက်ရပြီဖြစ်တယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

“ဝယ်လိုအားက အရမ်းများတယ် စက်သုံးဆီက လိုသလိုမရတဲ့အတွက် ရောင်းရတာ အဆင်မပြေတော့လို့ ပိတ်ထားတာပါ၊ပုသိမ်မှာ စက်သုံးဆီအရောင်းဆိုင် တော်တော်များများပိတ်ထားတာတွေ့ရပါတယ်၊လက်ရှိစက်သုံးဆီရောင်းရတဲ့အခြေအနေက အတော်ကိုအကျပ်ဆိုက်ပြီး ရောင်းတဲ့ဘက်ရော ဝယ်တဲ့ဘက်ရောဘယ်လိုမှ အဆင်မပြေတဲ့အခြေအနေရောက်နေလို့ ပိတ်လိုက်ရတာပါ၊ ကျွန်တော်တို့ဆိုင်နဲ့နည်းတူ မအူပင်ဘက်မှာ စက်သုံးဆီအရောင်းဆိုင် ၆ ဆိုင်လောက်ပိတ်လိုက်ရတယ်လို့ လုပ်ဖော်ကိုင်ဖက်တယောက်ကလှမ်းပြောလို့သိရတယ်”လို့ပုသိမ်မြို့ရှိ ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ စက်သုံးဆီပြတ်လပ်လာလို့ လက်ရှိ ပိတ်လိုက်ရတဲ့ စက်သုံးဆီဆိုင်တွေဟာနာမည်ကြီး
ဆီပန့်ဆိုင်အကြီးတွေဖြစ်တယ်လို့သိရပြီး မအူပင်မြို့က ၆ ဆိုင် ၊ ကျိုက်လတ်မြို့က ၅ ဆိုင်၊ ပုသိမ်မြို့က ၁၂ ဆိုင်၊ မော်လမြိုင်ကျွန်းမြို့က ၄ ဆိုင်၊မြောင်းမြမြို့က ၆ ဆိုင်၊ ဖျာပုံမြို့က ၆ ဆိုက်၊ ဟင်္သာတမြို့က ၅ ဆိုင်၊ ကျုံပျော်မြို့က ၃ ဆိုင် ဖြစ်တယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေရဲ့ပြောပြချက်အရသိရပါတယ်။

“မအူပင်ဘက်မှာတော့ ဆီလုံးဝပြတ်သွားပြီ၊ဆိုင်ကြီးတွေ လုံးဝမရတော့ဘူး၊လမ်းဘေးဆိုင်တွေတော့ ၁ လီတာမပြည့်ဘူး ၂၉၀၀ ပေနေရတယ်၊မနည်းတောင်း ဝယ်ရတာ၊အရင်ကလို ကိုယ်ထည့်ချင်တဲ့ဆိုင် ဝယ်ထည့် လို့မရဘူး၊ဆိုင်ကယ်လေးနဲ့ Delivery ပို့စားနေတာ စက်သုံးဆီက ဈေးတက်လာတဲ့အပြင် ဆီပြတ်တဲ့အထိ ဖြစ်လာပြီ။”လို့ မအူပင်မြို့ခံတဦးကပြောပါတယ်။

စက်သုံးဆီပြတ်လပ်တဲ့အထိဖြစ်ပေါ်လာတဲ့အတွက်
စက်ဆုံးဆီကို အဓိကအသုံးပြုလုပ်ကိုင်နေရတဲ့ ပို့ဆောင်ရေးလုပ်ငန်း၊အသေးစား၊အလတ်စားအိမ်တွင်းမှု၊ စက်မှုလက်မှုလုပ်ငန်းလယ်ယာလုပ်ကိုင်သူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

မြောင်းမြမြို့ကသုံးဘီးယာဉ်မောင်းလုပ်ငန်းရှင်တဦးက”ကျွန်တော်တို့ယာဉ်တွေလည်း ဒီပုံစံအတိုင်းဆိုရှေ့ ဆက်ရပ်တည် ဖို့ခက်ခဲမှာသေချာတယ်၊ဆီဈေးကတစ်ခါမှ လည်းမကျခဲ့ဘူးအခုပြတ်တဲ့အထိဖြစ်လာတယ်၊မနက်က ၉၂ဆီ ၂ သောင်းဖိုးသွားဝယ်တာ ၃ ထောင်ဖိုးပဲရတယ်၊ဆီအတွက်နဲ့လုပ်ငန်းက တော်တော်ကို အခက်အခဲရှိနေတာပါ၊ဆီဈေးတက်လို့ လူစီးခဈေးတက်လိုက်တော့ စီးတဲ့သူကမရှိသလောက်ဖြစ်သွားတယ်၊အခုတော့ ဆီဝယ်မရလို့မဆွဲရတဲ့ရက်ကများလာတယ်။”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ သြဂုတ် ၇ ရက်ကနေ ဒီကနေ့ ၁၇ ရက်အထိဓာတ်ဆီ ၉၂ တလီတာ ၂၉၀၀ ကျပ်၊ဓာတ်ဆီ 95 တလီတာ ၃၀၅၀ ကျပ်၊ ဒီဇယ်တဂါလံ ၂၆၅၅၅ ကျပ်ဈေးပေါက်နေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီကသိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #ဆီပြတ်လပ် #ဆီဆိုင်၄၇ဆိုင်အရောင်းပိတ်ထား

Related posts

Leave a Comment

VOM News

FREE
VIEW