ဂျပန်မှာ ကိုဗစ်-၁၉ သတ္တမလှိုင်း ပြင်းထန်နေ၊ နေ့စဉ်ကူးစက်မှု နှစ်သိန်းခြောက်သောင်းကျော်ထိ မြင့်တက်

တိုကျို၊ သြဂုတ်-၂၀-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ သတ္တမလှိုင်းကူးစက်မှုဟာ ပြင်းထန်နေပြီး နေ့စဉ်ကူးစက်မှုဟာ သြဂုတ် ၁၉ ရက်မှာ ၂၆၁၀၂၉ ဦးထိရှိခဲ့ပြီး နှစ်ရက်ဆက်တိုက် စံချိန်တင်ခဲ့ပါတယ်။

နိုင်ငံမှာရှိတဲ့ ပြည်နယ် ၄၇ ခုအနက် ၁၉ ခုမှာ ကူးစက်မှုတွေနဲ့ မြင့်တက်နေပြီး ရောဂါကြောင့် သေဆုံးသူဦးရေဟာ သြဂုတ် ၁၉ ရက်မှာ ၃၀၀ နီးပါးရှိခဲ့ပြီး ၆၀၀ ကျော်အပြင်းဖျားနေကြပါတယ်။

တိုကျိုအနီးရှိ ချီဘာပြည်နယ်မှာတော့ ရောဂါကူးစက်ခံရတဲ့ လူနာတွေများနေတဲ့အတွက် လူနာတင်ယာဉ်တွေ မလုံလောက်ဖြစ်နေပြီး ဆေးရုံတွေမှာလည်း လူနာတွေပြည့်နှက်နေပါတယ်။

အိုကီနာဝါမှာရှိတဲ့ အဓိကဆေးရုံတခုမှာလည်း လူနာဦးရေဟာ လက်ခံနိုင်တဲ့အခြေအနေထက် ၁၀၀ ရာခိုင်နှုန်း ကျော်လွန်နေပါတယ်။

တိုကျိုနဲ့အခြားမြို့ပြဒေသတွေမှာ ကူးစက်မှုတွေကျဆင်းလာပေမယ့် အခြားဒေသ တွေမှာတော့ ကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။

လူတွေရဲ့ နေ့စဉ်လူမှုလှုပ်ရှားသွားလာမှုတွေမှာ ယခင်ကလို ကန့်သတ်ချက်တွေမရှိတော့တာကြောင့် ကူးစက်မှုအခြေအနေ ပိုမိုဆိုးရွားလာကြောင်းနဲ့ နွေရာသီအားလပ်ရက်ပြီးနောက် ကျောင်းပြန်ဖွင့်မယ်အခြေအနေတွေကြောင့် မြို့ပြဒေသတွေမှာလည်း ကူးစက်မှုမြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Ref: NHK
Photo: Kyodo
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW