ဖျာပုံမှာ ထွေ/အုပ်ဝန်ထမ်း အမျိုးသမီး ၂ ဦးသေနတ်နဲ့ပစ်သတ်ခံရ

သြဂုတ်၊၂၃-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းအမျိုးသမီး ၂ ယောက်ဟာ ဒီနေ့ သြဂုတ်၂၃ ရက် နေ့လယ် ၂ နာရီကျော်လောက်က သေနတ်နဲ့ပစ်သတ်ခံရလို့ အခင်းဖြစ်နဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ဒေသခံတွေဆီကနေ သိရပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရတဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအမျိုးသမီး ၂ ယောက်ဟာ မနှင်းဝေခိုင်(စာရေး)နဲ့ အခြားဝန်ထမ်း မနိုးနိုးဝေတို့ဖြစ်ပြီး ဖျာပုံမြို့နယ်ရဲ့အစပ် ကျိုက်လတ်မြို့အထွက် ချောင်းတွင်းတံတားအဆင်းနားက KM စားသောက်ဆိုင်မှာ ထိုင်နေချိန် အမည်မသိ သေနတ်သမားတွေက လာရောက်ပစ်သတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”ဒီကနေ့ နေ့လယ်၂ နာရီကျော်လောက်က ပစ်သတ်ခံရတာ ၊ ၁ ယောက်က အမှတ် ၁၅ ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးစာရေမပါ ၊နောက် ၁ ယောက်ကလည်း ဝန်ထမ်းဘာရာထူးလည်းတော့မသိဘူး ၊အဲ့ဒီကောင်းမလေး ၂ ယောက်က အတူတူ ရုံးသွားနေကျပါ ၊ စားသောက်ဆိုင်မှာထိုင်နေတုန်း ပစ်သတ်ခံရတာ ၊အခင်းဖြစ်တဲ့နေရာမှာပဲ နှစ်ယောက်လုံးသေဆုံးသွားတာတွေ့ရတယ် ၊ အခုရဲတွေနဲ့ စစ်သားတွေအရမ်းရှုပ်နေတယ် ။”လို့ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသမီး ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို စစ်သားတွေပါလာတဲ့ အရေးပေါ်ကားနဲ့သယ်သွားတာတွေ့ရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

”ရုပ်ရှင်ကား ကြည့်နေသလိုပဲ ပစ်သတ်သွားတာ အကုန်လန့်ကုန်တာ ၊ လူတွေကိုမမှတ်မိလိုက်ဖူး မျက်နှာဖုံးစွပ်ထားတဲ့လူတွေက လာပစ်သွားတာ ၊ စားသောက်ဆိုင်ဆိုတော့ လူကလည်း နည်းနည်းရှုပ်တယ်လေ ၊ အသတ်ခံရတဲ့ ကောင်းမလေး ၂ ယောက်ရဲ့ရုပ်အလောင်းတွေကို ပစ်ခတ်မှုဖြစ်ပြီး ခဏအကြာ စစ်သားတွေလာသယ် သွားတာတွေ့ရတယ် ၊ လမ်းတွေကို ပိတ်ဆို့စစ်ဆေးနေတယ်”လို့ ဖျာပုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းနဲ့တွေနဲ့နီးစပ်သူတဦးကပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့ နေရာအနီးမှာ လူငယ်တချို့ကို ခေါ်ယူစစ်ဆေးနေပြီး ချောင်းတွင်းတံတားကိုလည်း ပိတ်ဆို့ကာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့လာသမျှ အခြားယာဉ်တွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

Photo – သေနတ်နဲ့ပစ်သတ်ခံရတဲ့အမျိုးသမီး ၂ ယောက်ရဲ့ပုံ
#voiceofmyanmar #VOM #ဖျာပုံ #ထွေအုပ်၀န်ထမ်းအမျိုးသမီး၂ဦး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW