ဝမ်တိန်မှာ ကိုဗစ်ပိုးတွေ့လို့ ဝမ်တိန် – ရွှေလီတံတားနဲ့ ဝမ်တိန် စစ်ဆေးရေးဂိတ်တွေ ယာယီပိတ်ပစ်

ဩဂုတ် ၂၆၊ ၂၀၂၂
Shy V(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း ကျင်းစန်းကျော့နဲ့ ထိစပ်နေတဲ့ တရုတ် – မြန်မာ နယ်စပ်၊ တရုတ်ဘက်ခြမ်း ဝမ်တိန်မြို့ရှိ ခေါက်ဆွဲဆိုင်မှာ မနေ့ ဩဂုတ် ၂၅ ရက်နေ့ညနေပိုင်းက ကိုဗစ်လူနာ ၁ ဦး တွေ့ခဲ့တာကြောင့် ဝမ်တိန် – ရွှေလီ တံတားနဲ့ ဝမ်တိန်စစ်ဆေးရေးဂိတ်တွေကို ခေတ္တပိတ်ထားတယ်လို့ ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“​ရောဂါက ဝမ်တိန်က ​ခေါက်ဆွဲဆိုင်မှာ ​တွေ့လို့။ အဲ့ဒါ​ကြောင့် ဝမ်တိန် ခဏ ပိတ်လိုက်ပြီ။ လက်ရှိ ‌ဝမ်တိန် နဲ့ ရွှေလီကို ဆက်သွယ်ထားတဲ့ တံတားကိုလည်း ဖြတ်သန်းခွင့် ယာယီပိတ်ထားတယ်” လို့ ရွှေလီရောက် မြန်မာ ကုန်သည် ၁ ဦး က ပြောပါတယ်။

မြန်မာ ပို့ကုန်လုပ်ငန်းရှင် ၁ ဦးက “၃ ရက်လောက် စစ်မယ်လို့ သိရတယ် ဝမ်တိန်ကို။ တခြားနေရာတွေတော့ မသိရသေးဘူး။ လောလောဆယ်တော့ ဝမ်တိန်ပဲ။ ဒီမနက်မှ အလောတကြီးနဲ့ ကျောင်းသားတွေတောင် အိမ်ပြန်လို့မရဘူး”လို့ ပြောပါတယ်။

နောက်ထပ် မြန်မာ နယ်စပ် ကုန်သည် ၁ ဦးက “ကျင်းစန်းကျော့ဂိတ်ကတော့ မပိတ်ပါဘူး။ တရုတ်ဘက်ထဲ ဝမ်တိန် ခဏ ပိတ်တာပါ”လို့ ပြောပါတယ်။

လောလောဆယ် ဝမ်တိန်ထဲက စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ အဝေးပြေးဂိတ်များ၊ Jiangqiao စစ်ဆေးရေးဂိတ်တွေနဲ့ Heishanmen စစ်ဆေးရေးဂိတ်တွေကတဆင့် ကုန်တင်ကားတွေ အဝင်အထွက် ရပ်ဆိုင်းထားမှာဖြစ်ကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှိတွေဆီက သိရပါတယ်။

မြန်မာ နဲ့ တရုတ် အဓိကကုန်သွယ်ရာ နယ်စပ်မြို့ ၁ မြို့ ဖြစ်တဲ့ ဝမ်တိန်မြို့ဟာ မြန်မာဘက် ကျင်းစန်းကျော့ နဲ့ ထိစပ်နေပြီး လက်ရှိ အဓိက ကုန်သွယ်မှု ပြုရတဲ့ မြို့တမြို့ ဖြစ်တာကြောင့် နယ်စပ် ကုန်သွယ်ရေး အသိုင်းအဝိုင်းက ကုန်သွယ်မှု ရပ်ဆိုင်းသွားမှာ စိုးရိမ်နေကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်ချီ ကုန်သွယ်မှု ရပ်ဆိုင်းထားတဲ့ ကျင်းစန်းကျော့ – ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ခေါက်တို ယာဉ်မောင်း အစားထိုးစနစ်နဲ့ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Photo-MK
#voiceofmyanmar #VOM #၀မ်တိန် #ကိုဗစ်ပိုးတွေ့ #ဂိတ်တွေယာယီပိတ်ပစ်

Related posts

Leave a Comment

VOM News

FREE
VIEW