ရခိုင်မှာ တပ်နဲ့အေအေ တိုက်ပွဲဖြစ်ပြီး ရာနဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ဩဂုတ် ၂၉-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဩဂုတ်လ ၂၆ ရက်နေ့က စပြီး တပ်နဲ့ အေအေတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဟာ ဒီကနေ့အထိစစ်ရေးပဋိပက္ခဖြစ်ပွားနေပြီး ရာနဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းကစပြီး မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်မြို့၊ မင်းခမောင်းတိုက်နယ်အနီးတို့မှာ တပ်နဲ့အေအေတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီအခြေအနေနဲ့ ပတ်သက်ပြီး မင်းခမောင်းတိုက်နယ်ရှိ ဒေသခံတဦးက”တိုက်ပွဲဖြစ်ကြတယ်ဆိုတာကတော့ သေချာပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ကြတဲ့အသံပါပဲ။ ဒီနေ့ဆိုရင်လည်း လေယာဉ်နဲ့ ငရံ့ချောင်းအထက်ဘက် တောင်ပေါ်သို့ လာကြဲပါတယ်။ ဂျက်တိုက်လေယာဉ်နဲ့ လာကြဲတာ ခဏလေးကမှ ပြန်သွားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မင်းခမောင်းရွာအလွန် ခမောင်းဆိပ်ဗျူဟာကုန်းအောက်မှာ ဖြစ်ကြတာလို့ဒေသခံတွေကပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲစဖြစ်တဲ့နေကအခြေအနေကို ဒေသခံ ပညာရေးဝန်ထမ်းတဦးက“၂၆ ရက်နေ့ ၄ နာရီခွဲလောက်မှာ မင်းခမောင်းရွာရဲ့ မြောက်ဘက်ကနေ သေနတ် ၄ ချက်လောက်ဖောက်ပြီး ရွာကိုဝင်လာတယ်။ အဲလို ပစ်ပြီးဝင်လာတဲ့အခါ ကျနော်တို့ မင်းခမောင်းကျောင်းရဲ့ ကျောင်းဆောင်မှာ တစ်ချက်ကျတယ်။ ကျနော်တို့လည်း သွားကြည့်ဖို့မရလိုက်ဘူး။ အဆောင်ထဲမှာ ဝင်ပြီးပုန်းနေကြရတယ်။အဲဒီအချိန်ကနေ တိုက်ပွဲဖြစ်တာဟာ ၇ နာရီကျော်ကျော်လောက်မှာရပ်သွားပြီး ညဉ့်အာရုံ ၂ နာရီလောက်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြတယ်လို့ ယူဆရတဲ့ ပစ်ခတ်သံတွေကြားပါတယ်။ ခမောင်းဆိပ်ဗျူဟာကုန်းနဲ့ အေအေဘက်က ကားလမ်းတဘက်က ပစ်တယ်လို့တော့ သိရပါတယ်”လို့ ပြောပါတယ်။

အဲဒီလို တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မင်းခမောင်းတိုက်နယ်(ကျေးရွာ)က ဒေသခံတွေဆိုရင် ရွာဦးဘုန်းကြီးကျောင်းမှာ ခိုလုံနေကြရတယ်လို့ သိရပါတယ်။

မောင်တောမြောက်ပိုင်းအတွင်း ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေဟာလည်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကားလမ်းတွေပိတ်ထားတာကြောင့် ထွက်ပြေးဖို့ အခက်အခဲဖြစ်နေသလို ပိတ်မိနေတဲ့ ဆရာ၊ဆရာမတွေလည်း ရှိတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ ပညာရေးဝန်ထမ်းတဦးက လည်း “ ပညာရေးဝန်ထမ်းတွေကတော့ အခုဆိုရင် လလည်းကုန်တော့မှာဖြစ်တဲ့အတွက် မြို့နဲ့အနီးဆုံးကို လစာထုတ်ရင်းနဲ့ သွားနေကြပါတယ်။ ဒီအချိန်ဟာ အတိုးအပြောင်းလည်း ထွက်ထားတဲ့အတွက် ရုံးကိစ္စတွေလည်းရှိတော့ မောင်တောမြို့နဲ့အနီးဆုံးကို တိမ်းရှောင်ပြီးလာကြတယ်။ တချို့ရွာဘက်တွေမှာလည်း ကားတွေက ထွက်မပေးတဲ့အခါ ဆိုင်ကယ်ပါတဲ့ ဆရာ၊ ဆရာမတွေကတော့ နီးစပ်ရာ၊ နီးစပ်ရာကို တိမ်းရှောင်နေရတယ်။ ဆိုင်ကယ်မပါတဲ့ဆရာ၊ ဆရာမတွေလည်းရှိနေကြတယ်”လို့ ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းအတွင်း အရင်က ကားတွေပုံမှန်အတိုင်းထွက်ပေးပြီး ကားမထွက်တာ ၁ လနီးပါးကြာမြင့်လာပြီဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေဟာ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာလို့ မရဖြစ်နေတဲ့ အခြေအနေတွေလည်းရှိနေတယ်လို့ သိရပါတယ်။

အခုလိုမျိုး မောင်တောမြို့နယ်အတွင်း တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာဟာ လနဲ့ချီကြာမြင့်နေပြီဖြစ်ကြောင်းနဲ့ အခုလိုမျိုး တိုက်ပွဲတွေဖြစ်ပွားတာဟာ ဒေသခံတွေအတွက် စားဝတ်နေရေး၊ပညာရေး၊ ကျန်းမာရေးနဲ့ သွားရေးလာရေးတွေ အစစအရာရာအခက်အခဲတွေဖြစ်သွားပြီး အလုပ်အကိုင်လည်းမရှိတာကြောင့် ဒေသခံတွေအနေနဲ့ ငတ်မွတ်ခေါင်းပါးလာနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းဟာ ရခိုင်အပါအဝင် တိုင်းရင်းသားလူမျိုးစုတွေဖြစ်တဲ့ မြို၊ သက် လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေရှိတဲ့အတွက် သူတို့အနေနဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး ကုန်ဈေးနှုန်းတွေလည်းအဆမတန် မြင့်တက်နေတဲ့အတွက် တချို့ရွာတွေမှာဆိုရင် ဝယ်ယူလို့ မရနိုင်တဲ့အထိ ဖြစ်လာနေတယ်လို့ မင်းခမောင်းဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ဘက်မှာက မြိုတွေ၊ သက်တွေ အများစုနေထိုင်တဲ့အတွက် နေ့လုပ်၊ နေ့စားတွေများကြပါတယ်။ အခုလို အလုပ်မလုပ်ရဘူးဆိုရင် သူတို့မှာ ဘယ်လိုနေထိုင်ကြမလဲဆိုတာ ခန့်မှန်းလို့တောင်မရပါဘူး။ အများစုက ရွာတွေကိုစွန့်ခွာပြီး ထွက်သွားတဲ့အခါ ဘယ်ကိုသွားပြီး ဘယ်ကိုလာကြလည်း ဆိုတာလည်း မသိဘူး” လို့ သူကပြောပါတယ်။

ဩဂုတ်လ၂၆ ရက် တိုက်ပွဲဖြစ်ပွားတဲ့နေ့က မင်းခမောင်းရွာကနေ လမ်းပြအဖြစ်ခေါ်ဆောင်သွားတဲ့ ဒေသခံ ၁၀ ဦးကိုလည်း မနေ့ဩဂုတ်လ ၂၇ ရက်နေ့မှာ တပ်က ပြန်လွှတ်ပေးလိုက်တယ်လို့လည်း အဲဒီ ဒေသခံက ပြောပါတယ်။

မနေ့ ဩဂုတ်၂၇ ရက်နေ့ မနက်ပိုင်းကလည်း မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်းဗျူဟာကုန်းအနီးပတ်ဝန်းကျင်ရှိ မင်းကြီးကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သက်ကြီးရွယ်အို အဘွားတဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့က စစ်တပ်နဲ့အေအေတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကြတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ အေအေ နှစ်ဘက်စလုံးက အတည်ပြုထုတ်ပြန်တာ လက်ရှိအချိန်ထိ မတွေ့ရသေးပါဘူး။

တပ်နဲ့အေအေတို့ရဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး တစုံတရာ မထုတ်ပြန်ကြပေမယ့်လည်း လက်ရှိမြေပြင်အခြေအနေမှာ ပစ်ခတ်သံအနီးပတ်ဝန်းကျင်က ဒေသခံတွေအနေနဲ့ အခက်အခဲများစွာနဲ့ရင်ဆိုင်နေရပြီး ကြောက်လန့်ထွက်ပေးနေကြတာတွေလည်းရှိနေတာ ဖြစ်ပါတယ်။

ပုံစာ- ခမောင်းဆိပ်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးလာစဥ်
#voiceofmyanmar #VOM #ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW