ပြင်ဦးလွင် မြို့ရှောင်လမ်းမှာ ယာဥ်တိုက်မှုဖြစ်ပွားပြီး ခရီးသည် ၉ဦးသေ

သြဂုတ် ၊ ၂၉ ၊ ၂၀၂၂
SP ( VOM)

မန္တလေးတိုင် ၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့ ၊ မြို့ရှောင်လမ်းပေါ်မှာ မနေ့ သြဂုတ် ၂၈ ရက် ညပိုင်းက ယာဥ် ၂ စီး တိုက်မိပြီး အဲ့ဒီ ယာဥ်တိုက်မှုကြောင့် ခရီးသည် ၉ဦး သေဆုံးကာ ၊ ၅ဦး ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင် မီးသတ်ဌာန ၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဆီက သိရပါတယ်။

” ဖြစ်တာက ဘိလပ်မြေအိတ်တွေတင်ဆောင်လာတဲ့ ၂၂ ဘီး တွဲကားနဲ့ လိုက်ထရပ်ကား တိုက်မိတာပါ ၊ စဖြစ်တာက ညပိုင်း ၇ နာရီဝန်းကျင်မှာဖြစ်တယ် ၊ လိုက်ထရပ်ကားပေါ်မှာက ခရီးသည် ခရီးသည် ၁၄ ယောက် လိုက်ပါလာတယ် ၊ အဲ့ဒီ ခရီးသည်ထဲက အမျိုးသား ၆ဦးနဲ့ အမျိုးသမီး ၃ ဦး ၊ ပေါင်း ၉ ဦးက နေရာမှာတင်သေဆုံးတယ် ၊ ကျန် ၅ယောက်ဖြစ်တဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ဦးထဲက အမျိုးသမီး ၁ ဦးက အနီရောင်အဆင့် လူနာဖြစ်ပြီး အရမ်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ် ” လို့ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

အဲ့ဒီ ယာဥ်တိုက်မှုကနေ ဒဏ်ရာရသူ ၅ဦးနဲ့
သေဆုံးသူ ရုပ်လောင်းတွေကို ပြင်ဦးလွင် မြို့ခံ သန္တိသုခ လူမှုကူညီရေး အဖွဲ့တွေက ပြင်ဦးလွင် ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ လူနာ ၅ယောက်ထဲက အမျိုးသမီး လူနာ ၁ ယောက်ဟာ အသက်အန္တရာယ် အလွန်စိုးရိမ်ရတဲ့အတွက် ညတွင်းချင်း ပြင်ဦးလွင် ဆေးရုံကနေ မန္တလေး ဆေးရုံကြီးဆီကို လွဲပြောင်းပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ ယာဥ်တိုက်မှုနဲ့ ပတ်သက်ပြီး ပြင်ဦးလွင်ခရိုင် ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးက အရေးယူထားတယ်လို့လည် သိရပါတယ်။

ပြီးခဲ့တဲ့ ၂၃ ရက်ညနေပိုင်းကလည်း ပြင်ဦးလွင် မန္တလေး အဆင်းကားလမ်း မိုင်တိုင်အမှတ် ၂၅ မိုင်မှာ အလူသီးတွေသယ်ဆောင်လာတဲ့ ၂၂ ဘီးတွဲကား ၁ စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးထိုးကျခဲ့တာကြောင့် ယာဥ်ပေါ်ပါ လူ ၂ ဦးစလုံး သေဆုံးခဲ့တာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပြင်ဦးလွင်မြို့ရှောင်လမ်း

ဓာတ်ပုံ ၊ ပြင်ဦးလွင် မီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW