အင်းစိန်နဲ့ဒလမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရာအိမ်မှူး(၁)ဦးသေ၊ (၅)ဦးဒဏ်ရာရ

သြဂုတ် ၃၁၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ အင်းစိန်နဲ့ ဒလမြို့နယ်မှာ မနေ့ ဩဂုတ် ၃၀ရက်က ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ရာအိမ်မှူးတဦးသေဆုံးကာ ဒုတိယမြို့နယ်ဥပဒေအရာရှိအပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ရာမြို့နယ်တွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်စျေးနဲ့ လဟာပြင်စျေးအကြားမှာ မနေ့နေ့လယ်ပိုင်းက အကျဥ်းထောင်ထဲကနေထွက်လာတဲ့ မြို့နယ်တရားသူကြီးနဲ့ဒုတိယမြို့နယ်ဥပဒေအရာရှိနှစ်ဦးလိုက်ပါတဲ့ကား အပစ်ခံရပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“နှစ်ဦးထိပြီး ဆေးရုံပို့တာမြင်တယ်၊ တဦးကတော့ ဥပဒေအရာရှိ နောက်တဦးက မသိဘူး၊ အင်းစိန်ဆေးရုံနဲ့
မြောက်ဥက္ကလာ ဆေးရုံကို ပို့တာ”လို့ ပြောပါတယ်။

ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်မှာ မနေ့ညပိုင်းကလည်း လ္ဘက်ရည်ဆိုင်ထိုင်နေတဲ့ ရာအိမ်မှူးဦးမင်းဦးအပါအဝင် လူ ၄ဦး ပစ်ခတ်ခံရပြီး ရာအိမ်မှူး သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“သေတာက ရာအိမ်မှူး ကျန်တဲ့သုံးယောက်က အုပ်ချုပ်ရေးပိုင်းကလား ဘယ်ကလဲတော့မသိဘူး၊ သူတို့လည်း
ဒဏ်ရာရလို့ ဒလဆေးရုံမှာ တင်ထားတယ်”လို့ ရှင်းပြပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အဆိုပါမြို့နယ်တွေအပါအဝင် ရန်ကုန်က မြို့နယ်အချို့မှာ စစ်တပ်နဲ့ရဲတွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ သြဂုတ်လ ၁ ရက်ကနေ ၃၀ ရက်နေ့အတွင်း ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ၂၂ ဦးသေဆုံးပြီး ၂၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW