သန်လျင်မြို့နယ်မှာ စစ်သားအချင်းချင်း ပစ်ခတ်မှု​ဖြစ်ပြီး ဗိုလ်ကြီးတဦးအပါအဝင် (၇)ဦး သေဆုံး

စက်တင်ဘာ ၁၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာမှာ မနေ့ သြဂုတ် ၃၁ရက် ညပိုင်းက စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဗိုလ်ကြီးတဦးအပါအ၀င် (၇)ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ပင်ကွင်းကျေးရွာမှာ မနေ့ည ကိုးနာရီခွဲက တာဝန်ကျနေတဲ့ စစ်သားအချင်းချင်း စကားများရန်ဖြစ်ပြီးနောက် ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။

“ဆယ်နာရီလောက်မှာ သေနတ်သံတွေကြားတာ အချက်နှစ်ဆယ်ကျော်လောက်ရှိတယ်၊ ပြီးတော့လူနာတင်ယာဥ်တွေရောက်လာတယ်၊ မနက်မှ စစ်သားတွေသေတယ်ဆိုတာကြားတာ”လို့ ရှင်းပြပါတယ်။

တာဝန်ကျစစ်သားအချင်းချင်း စကားများရန်ဖြစ်ပြီးနောက် တပ်သားနှစ်ဦးက ပစ်ခတ်ခဲ့လို့ ဗိုလ်ကြီးအပါအဝင်(၇)ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ကျနော်ကြားတာ ဗိုလ်ကြီးနဲ့တပ်သားခြောက်ဦး သေတယ်၊ တပ်မိသားစုဝင် အမျိုးသမီးနှစ်ဦး ဒဏ်ရာရတယ်ကြားတယ်၊ ဒဏ်ရာရရတဲ့သူတွေရော သေတဲ့သူတွေပါ မင်္ဂလာဒုံစစ်ဆေးရုံမှာပါ”လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ တပ်သားနှစ်ဦးအနက် တဦးမှာ လက်နက်ခဲယမ်းတွေနဲ့ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လက်တလော သန်လျင်တံတားကိုပိတ်ဆို့ကာ ကားတွေနဲ့လူတွေကို စစ်ဆေးနေတဲ့အပြင် ဖုန်းတွေကိုပါစစ်ဆေးနေပြီး မြို့တွင်းလမ်းဆုံတွေမှာ လုံခြုံရေးအင်အားတိုးမြှင့်ထားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပစ်ခတ်မှု #စစ်သား၇ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW