လက်ပံတန်းမှာ ပြောင်းဖူးတင်ကားနဲ့လိုက်လာတဲ့ နိုင်ငံသားအထောက်ထားမဲ့သူ ၂၈ ဦး ဖမ်းဆီးရမိ

စက်တင်ဘာ ၄-၂၀၂၂
VOM (GG)

ပဲခူးတိုင်းအနောက်ပိုင်း ၊လက်ပံတန်းမြို့မှာ ဒီနေ့ စက်တင်ဘာလ ၄ ရက်နေ့မနက်အစောပိုင်းက နိုင်ငံသားအထောက်ထားမဲ့ ၂၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ဒီနေ့မနက်အစော ၅ နာရီကျော်လောက်မှာ ရန်ကုန်-ပြည် ကားလမ်းဘေး မိုင်တိုင် ၈၉/၆ အနီးရပ်ထားတဲ့ ပြောင်းဖူးတွေတင်လာတဲ့ ကုန်ကားနဲ့လိုက်လာကြတာဖြစ်ပြီး ကားပေါ်ကနေ ၆ ယောက်၊ကားဘေးအနီးက ၈ ယောက်နဲ့ ကားလမ်းဘေး ခြုံတောထဲက ၁၄ ယောက်ကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“၂၈ ယောက် တွေ့တယ်။ပြောင်းဖူးတင်တဲ့ကားနဲ့ခေါ်ခဲ့တာပေါ့။ကျနော်တို့ကတော့ အဓိက လူကုန်ကူးတဲ့သူတွေကိုဖမ်းစေချင်တယ်။သူတို့တွေက သိန်း ၆၀၊ ၇၀ အကုန်ခံပြီးလာကြတာလေ။လူကုန်ကူးသူမရှိရင် မလာဘူး။ရခိုင်ပြည်ကနေ ပြေးလာသူတွေကတော့ ဒီကနေ့ တတိယနိုင်ငံတွေကိုထွက်ဖို့ ကြိုးစားကြတာပေါ့။ သူတို့ခေါ်လာတဲ့ ကားသမားတွေလည်းမိထားတယ်။ ကွမ်းခြံ တာဆုံမှာ ဒီလူတွေကို ချဖို့လုပ်ရမှာ သိတာပေါ့။ “လို့ ရဲစခန်းနဲ့နီးစပ်သူတဦးကပြောပါတယ်။

ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေထဲမှာ အမျိုးသားက ၁၈ ယောက်၊ အမျိုးသမီး ၁၀ ယောက်ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ မကွေးတိုင်း၊မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းကနေ တဆင့် ကားနဲ့လိုက်ပါလာတာဖြစ်ပြီး ကားနဲ့မဆန့်လို့ လိုက်ပါမလာခဲ့ရသူ ၁၈ ယောက်လည်း ကျန်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို သက်ဆိုင်ရာလက်ပံတန်းရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းကာ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ၂၉ ရက်ကလည်း ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ အမာမြို့၊ဂယက်ကြီးကျွန်းအနီး ပင်လယ်ပြင်အစပ်နားကို မျှောပါလာတဲ့ စက်လှေ ၁ စီးပေါ်မှာ သေဆုံးနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၆ ဦးနဲ့အတူ အသက်ရှင်လျက် နိုင်ငံသားအထောက်ထားမဲ့သူ ၅၉ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #လက်ပံတန်း #နိုင်ငံသားအထောက်အထားမဲ့သူ #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW