ဧရာဝတီတိုင်းမှာ ကုန်ကျစရိတ်နဲ့အမြတ်ရရှိမှု အဆမတန်လျော့ကျနေလို့ မွေးမြူရေးလုပ်ငန်းတွေ ရပ်နားလာရ

စက်တင်ဘာ၊ ၆-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်းထဲက မွေးမြူရေးလုပ်ငန်းရှင်တွေဟာ ကုန်ကျစရိတ်နဲ့အကျိုးအမြတ်ရရှိမှု အဆမတန်လျော့ကျနေလို့ လုပ်ငန်းတွေ ရပ်နားလိုက်ရတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။

”ကြက်ပေါက်ဈေးက ၁၇၀၀ အထိ ဈေးတက်လာလို့ ၁၇၀၀ နဲ့ဝယ်မွေးနေရတယ် ၊ ကြက်သားဈေးက တစ်ပိသာ ကို ငွေကျပ် ၄၅၀၀ နဲ့ ရောင်းနေရတယ် ကြက်အစာ အိတ်ဖိုးက တစ်အိတ်ကို အရင်က ၂၅၀၀၀ ဝယ်ခဲ့ရတယ် အခု ၅၅၀၀၀ အထိဈေးတက်လာတယ် ၊ အတက်ဈေးနဲ့ ဝယ်နေရတယ် ၊မွေးမြူရေးကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်တဲ့အခါ အတော်ကိုအရှုံးပြနေလို့ ရပ်နားလိုက်ရတာပါ၊ အရင်က ကြက်ခြံ ၅ ခြံနဲ့ အကောင် ၁ သိန်း ငါးသောင်း
အထိမွေးမြူတာပါ”လို့ မအူပင်မြို့ကအသားတိုးကြက်မွေးမြူရးလုပ်ငန်းရှင်တဦးကပြောပါတယ်။

ဧရာဝတီတိုင်းက အသားတိုးကြက်မွေးမြူရေးလုပ်ငန်းရှင်တွေဟာ ကြက်စာဈေးတက်လာတာ ၊ ကြက်စာအိတ်တွေ အရင်လို ဝယ်မရတာ ၊ ကြက်သားဈေး မတည်ငြိမ်တာ ၊ ကြက်သား စားသုံးနိုင်သူတွေနည်းလာတာ ၊ ရာသီဥတုဖောက်ပြန်တာတွေကြောင့် ကြက်သေဆုံးတာတွေများလာလို့ မွေးမြူကုန်ကျစရိတ်နဲ့ အကျိုးမမြတ်ရရှိတာအဆမတန် လျော့ကျလာလို့ အသားတိုးကြက်မွေးမြူရေးလုပ်ငန်းရှင် ၈၉၇ ခု ရှိတဲ့အထဲ မွေးမြူရေးလုပ်ငန်းရှင် ၇၄၅ ဦး အထိ မွေးမြူရေးလုပ်ငန်းတွေရပ်နားလာတာဖြစ်တယ်လို့ မွေးမြူရေးလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

“အသားတိုးကြက်တွေက နုတယ်၊ ကြက်ကို ပြုစုပျိုးထောင်ရတဲ့ စရိတ်တွေကလည်းအများကြီးရှိတယ် ၊ရာသီဥတုကောင်းရင် မဆိုးဘူး၊ ရာသီဥတုဖောက်လာရင် အသေအပျောက်တွေရှိတယ် ၊ အပူများလွန်းရင်လည်း အဆင်မပြေဘူး ၊ အအေးများလွန်းရင်လည်း အဆင်မပြေဘူး ၊ ကျွန်တော်တို့ လုပ်ငန်းရှင်တော်တော်များများ အရှုံးပေါ်နေတယ် ၊ ဒီလို အရှုံးပေါ်နေတဲ့ဒဏ်ကို ကြာရှည်တောင့်မခံနိုင်ဘူး ၊ ဒါ့ကြောင့် မွေးမြူရေးလုပ်ငန်းတွေကို ရပ်ပစ်ရတဲ့အထိဖြစ်လာတယ် ၊ လုပ်ငန်းလုပ်လာတဲ့ သက်တမ်းတလျှောက် ဒီနှစ် အခက်အခဲဆုံးနှစ်လို့သိရတယ် ။”လို့ မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။

ကြက်သက်တမ်းမှာ ကြက်ပေါက်စတင်မွေးချိန်ကနေ ရောင်းချချိန်အထိ ၄၅ ရက်မှ ရက် ၅၀ အထိကြာမြင့်ပြီး ကြက်ပေါက်တစ်ကောင်ကို ငွေကျပ် ၁၅၀၀ နဲ့ ၁၇၀၀ အထိ ပေးဝယ်မွေးရပြီး မွေးမြူရေးလုပ်ငန်းရှင်တွေ အဆင့်မြှင့်တင် ရေရှည်ရပ်တည်လာဖို့ကို သက်ဆိုင်ရာကနေ လိုအပ်တဲ့ ထောက်ပံ့မှုတွေပေးရင်အဆင်ပြေမယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။

”ဧရာဝတီတိုင်းက ထွက်တဲ့ မွေးမြူရေး အသားတိုး ကြက်တွေကို မွေးမြူထုတ်လုပ်ပြီး ရန်ကုန် ဈေးကွက်ကို အဓိက တင်ပို့ရောင်းချခဲ့တာပါ ၊ ရန်ကုန် ဈေးကွက်ကလည်း ဝယ်ယူအားမရှိတော့လို့ ဈေးကွက်ပျက်သလိုဖြစ်နေတာ ၊အရောင်းအဝယ်မဖြစ်တာ ၂ လလောက်ရှိလာလို့ ဘယ်လိုမှ ရှေ့မဆက်နိုင်တော့တာကြောင့် ရပ်လိုက်ရပါတယ် ၊ အရင်က ရန်ကုန်က ဖောက်သည်တွေကရှိတယ်၊ အခုတော့ နိုင်ငံရေးအခြေနေတွေနဲ့ စီးပွားရေးတွေကျဆင်းလို့ အလုပ်ကို မလုပ်ကြတော့တာ။”လို့ ဧရာဝတီတိုင်း၊ ပုသိမ်က ကြက်မွေးမြူရေးလုပ်ငန်းတဦးကပြောပါတယ်။

ဧရာဝတီတိုင်းထဲက အသားတိုးကြက်မွေးမြူရေး လုပ်ငန်းရှင်တွေနဲ့ နည်းတူ ငါးမြစ်ချင်းငါး မွေးမြူရေးလုပ်ငန်းရှင်တွေဟာ မွေးမြူရေးလုပ်ငန်း ရှေ့ဆက်လည်ပတ်ဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

“ငါးမွေးတာကတော့ ကြာပါပြီ ၊ မွေးလို့အဆင်ပြေတဲ့ ငါး မြစ်ချင်းငါးကို မွေးတာပါ ၊ ဒီနှစ်တော့ ဘယ်လိုမှရှေ့ဆက်မလုပ်နိုင်တော့လို့ မမွေးတော့တာ ၊ ဒီနှစ်ပြည်ပဈေးကွက်မရှိဘူး ငါးအစာနဲ့ အခြားစရိတ်ကများတော့ အမြတ်အစွန်းက ကျန်ကို မကျန်တော့လို့ ရပ်လိုက်ရတာပါ ၊ ပတ်ဝန်းကျင်က မရပ်ဘဲမွေးနေတဲ့ လုပ်ငန်းရှင်တွေကလည်း အရင်နှစ်တွေလိုပဲ ဒီနှစ်ဈေးကောင်းမယ် ထင်ပြီး ထပ်ပြီး မွေးခဲ့တာ ၊ဘာမှလုပ်မရဖြစ်နေတယ်လို့သိရတယ် ၊ကန်ဖော်တာ့ လူငှားရတယ် ၊ လုပ်အားခရှိတယ် ၊ စက်ခရှိတယ် ၊ စက်သုံးဖိုးရှိတယ် ၊အစာဖိုးရှိတယ် ၊ ငါးမြစ်ချင်းငါး မွေးမယ်ဆိုရင် ၂ ဧကကန် တစ်ကန်ကို ၁၅ သိန်းကနေ ၁၇ သိန်းအထိအရင်းတည်ရတယ် ၊ ကန်ဖော်တဲ့အချိန် ၉ သိန်းဖိုးပဲရတယ် ကုန်ကျစရိတ် အကုန်ပေါင်းလိုက်ရင် ရှုံးတယ်”လို့ ငါးမွေးမြူရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဒါ့အပြင် တခြားမြို့တွေကို တင်ပို့တဲ့အခါ လမ်းမှာအရင်ကထက် စစ်ဆေးရေးတွေခဏခဏ စစ်ဆေးခံရလို့ ခရီးလမ်းနှောင့်နှေးတာတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာ၀တီ

Related posts

Leave a Comment

VOM News

FREE
VIEW